October 19, 2024

◾ လိမ်လည်မှုများကို ပြည်ပြေးလူလိမ်တစ်စုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က လုပ်ဆောင်နေဟု ဆို

MT News

Written by Nyein Kyaw

အွန်လိုင်းလိမ်ညာနေသည့်အဖွဲ့များကို “ဝ”၊ မိုင်းလားနှင့် ကိုးကန့်နယ်မြေတို့တွင် အဓိကဖမ်းမိခြင်းဖြစ်ပြီး NCA စာချုပ် ချုပ်ဆိုထားသည့်အတွက် ငြိမ်းချမ်းရေးမပျက် စီးစေရန် “ဝ” နှင့် မိုင်းလားဒေသများသို့ စစ်တပ်မှဝင်ရောက်မဖမ်းဆီးခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ Phoenix New Media မှ လာရောက်မေးမြန်းစဉ် ပြောကြားခဲ့သည်။

“ဝ” နှင့် မိုင်းလားဒေသသည် မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိခြင်းကြောင့် တရုတ်အစိုးရနှင့် တိုက်ရိုက်ချိတ် ဆက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ကိုးကန့်ဒေသမှ ဖမ်းဆီးရမိသူများကို တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်‌ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဝ” နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှုမရှိပါဘူး။ “ဝ” နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်ဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေနဲ့ ဝင်ရောက်ခြင်းမပြုတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် “ဝ” နှင့် မိုင်းလားသည် အစိုးရ၏ ကွပ်ကဲမှုအောက်မှ လွတ်မြောက်နေပြီး အထူးဒေသဖြစ်ခြင်းကြောင့် ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့နှင့် နေထိုင်ခြင်းဖြစ်သည့်အပြင် “ဝ” နှင့် မိုင်းလား ဒေသတို့တွင် မြန်မာအစိုးရ၏ နိုင်ငံ့ဝန်ထမ်းတစ်ဦးမှ မရှိကြောင်းနှင့် တရုတ်စကားပြောတက်သူများပြီး မြန်မာစကားပြောတက်သူရှားပါးသည့်အပြင် တရုတ်ယွမ်ငွေကိုသာ အဓိကသုံးပြုသည့် နေရာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ “ဝ” နှင့် မိုင်းလားဒေသများတွင် သာမန်ပြည်သူများအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်မှုမရှိဘဲ ခေါင်း ဆောင်ပိုင်းများကသာ ပတ်သက်နေခြင်းဖြစ်ကြောင်း၊ “ဝ” အကြီးအကဲ ‌ပေါက်ယူချန်းနှင့် ဆွေမျိုးတော်သည့်သူလည်း ပါဝင်ပြီး ၎င်းတို့သည့် “ဝ” အစိုးရ အဖွဲ့ဝင်ထဲတွင် ပါဝင်သူများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဝ” နဲ့ မိုင်းလားနယ်မြေထဲ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီတိုင်းလွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြသနာများ ဆက်ဖြစ်နေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုများသည် မြန်မာနိုင်ငံမှ တရုတ်ပြည်သူများအား လိမ်လည်ခြင်းမဟုတ်သလို တရုတ်နိုင်ငံမှလည်း မြန်မာပြည်သူများအား လိမ်လည်ခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားသော ပြည်ပြေးလူလိမ်တစ်စုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အွန်လိုင်း‌လောင်းကစားမှုများသည် မြန်မာနိုင်ငံမတိုင်မီ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့ပြီး ၂၀၂၁- ၂၀၂၂ ခုနှစ် အကူးပြောင်းကာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများသည် ကမ္ဘောဒီယားနိုင်ငံမှ ထွက်ပြေးလာပြီး မြန်မာနိုင်ငံတောင်ပိုင်းရှိ ရွှေကုက္ကိုလ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *