
MT News
Written by Hey Mar
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဟိုပုံးလမ်းပေါ်မှာ မနေ့က အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက ဘုရားဖူးယာဥ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဥ်ပေါ်ပါဘုရားဖူး ခရီးသည် ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဥ်ဟာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စက်ချုပ်ကျေးရွာကနေ ဟိုပုံးမြို့နယ်ရှိ ထမ့်ဆန်းဂူကို ဘုရားဖူးလာတဲ့ ခရီးသည် ၂၅ ဦးပါ Canter ယာဥ်ဟာ ဂျမ်းတုံးကွေ့အရောက် တစ်ဖက်က အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ယာဥ်ကို တိမ်း ရှောင်ရာက လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါလာတဲ့ ဘုရားဖူးခရီးသည် အမျိုးသမီး ၁၅ ဦးမှာ ပေါက်ပြဲသွေးထွက်ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီးကျန် ၁၀ ဦးက မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို တောင်ကြီးမြို့ကြက်ခြေနီတပ်ဖွဲ့ဝင်တွေရောက်ရှိ ကူညီဆောင်ရွက်ပေးခဲ့ပြီး အရေးပေါ်သူနာတင်ယာဥ်တွေနဲ့ ဟိုပုံးမြို့နယ်ပြည်သူဆေးရုံအရေးပေါ်ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

