MT News
Written by Tha Doe
သီတင်းကျွတ်လပြည့်နေ့မှာ လည်ပတ်သူများပြားပြီး တံတားပေါ်လူစုလူဝေးနဲ့ လမ်းလျှောက်ကြတာကြောင့် ကမ္ဘာကျော်ဦးပိန်တံတားကြီး ဒီနေ့မှာ ကျိုးကျပျက်စီးသွားခဲ့ပါတယ်။
အမရပူရမြို့နယ်အတွင်းက တောင်သမန်အင်းကို ဖြတ်ကျော်ပြီး အမရပူရမြို့ဟောင်းနဲ့ ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားတဲ့ ဦးပိန်တံတားဟာ မြန်မာနဲ့ ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားတဲ့ ၀ ဒသမ ၇၅ မိုင် ရှည်လျားတဲ့ ကမ္ဘာ့အရှည်ဆုံး ကျွန်းသား တံတားဖြစ်ပြီး ၁၈၄၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့လို့ အခုဆိုရင် နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိနေပါပြီ။
“တံတားအရှေ့ဖက်ခြမ်းမှာ နှစ်ခန်းကျိုးကျပြီး လူတွေလည်းပြုတ်ကျသွားတာ။ ဒီနေ့လယ် ၂ နာရီကျော် ၃ နာရီလောက်ကဖြစ်သွားတာ။ လူတွေကတော့ ပြင်းပြင်းထန် ထန်ဒဏ်ရာမရပါဘူး။ အခုအချိန်က ရေနည်းချိန်ဖြစ်လို့ သက်သာသွားတာ။ ရေများချိန်ကျိုးကျတာဆို ရေနစ်သေဆုံးတာဖြစ်နိုင်တယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနကလည်း ဒီနေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ ဦးပိန်တံတားပေါ် ပြည်သူတွေ လာရောက်လည်ပတ်မှုများလို့ ဝိတ်မခံနိုင်ဘဲ ကျိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် အမရပူရမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်း သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် လာရောက်လည်ပတ်သူ ခရီးသွား အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၈ ဦး ရေထဲပြုတ်ကျပြီး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီ၊ လူမှုကွန်ရက်