MT News
Written by Hey Mar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄/၀ နဲ့ ၄၄/၁ ကြားမှာ ဒီနေ့ အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘောနက်ကြီးအမြန်လမ်းမီးသတ်စခန်းက သိရပါတယ်။
ဖြစ်စဥ်ဟာ ရန်ကုန်ဘက်က မန္တလေးဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးယာဥ်ငယ်တစ်စီး သံအကာအရံတွေကို တိုက်မိတိမ်းမှောက်လို့ ယာဥ်ပေါ်ပါ အမျိုးသား သုံးဦးအနက် တစ်ဦးသေဆုံးခဲ့တာလို့ သိရပါတယ်။
“ယာဥ်မောင်းရဲ့ ဖုန်းလာနေလို့ နောက်ကထိုင်စီးလာတဲ့သူက ဖုန်းလှမ်းပေးတာကို လှည့်ယူလိုက်ရင်း အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေးက သံအကာအရံကို ဝင်တိုက်မိပြီး ကားမှောက်သွားတာ။ ယာဥ်မောင်းဘေးက ထိုင်စီးလာတဲ့ အသက် ၄၀ အရွယ် အမျိုးသားက နေရာတင်ဆုံးတယ်။ယာဥ်မောင်းကတော့ ဒဏ်ရာ နည်းနည်းများတယ်။ နောက်က လူကတော့ မစိုးရိမ်ရပါဘူး”လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဥ်တွေ ဆောင်ရွက်ပေးခဲ့တဲ့ အမြန်လမ်းမီးသတ်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ တာမွေမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားလို့ သိရပြီး ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူကို 192 သူနာတင်ယာဉ်၊ ဘုရားကြီးလူငယ်လူမှုကူညီရေးအသင်းယာဉ်တို့နဲ့ ပဲခူးပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။