MT News
Written by Nay Aung
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၁၉ ဦးအနက်မှ ၁၅၃ ဦးကို အောင်မြင်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke က ထုတ်ဖော်ပြောဆိုလိုက်သည်။
အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ၏မိသားစုဝင်များသည် ထိုင်းအာဏာပိုင်များထံ တိုင်တန်းခဲ့ပြီးနောက် ပြန်လည်ကယ်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများကျူးလွန်သည့် ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားအားလုံးသည် အလုပ်ရှင်၏ ရိုက်နှက်ခံရခြင်းများရှိခဲ့ကြောင်း ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိထိုင်းသံရုံးက ၎င်းတို့သည် လောက်ကိုင်မြို့တွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသောဂိုဏ်းများလက်ထဲတွင် အတင်း အကြပ်ခိုင်းစေခံရသူများကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် ယခုလအစောပိုင်းတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများကို ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။
ပြန်လည်ကယ်တင်နိုင်ခဲ့သောထိုင်းနိုင်ငံသား ၁၅၃ ဦးအနက် ၁၂၀ က မြန်မာအာဏာပိုင်များ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင်ရှိနေပြီး အခြား ၂၂ ဦးက ဟိုတယ်တွင်ရှိနေကာ အခြား ၁၁ ဦးက မြန်မာဒေသဆိုင်ရာရဲစခန်းတွင်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသား ၁၀၇ ဦးခန့်သည် လောက်ကိုင်မြို့နှင့် ပြည်မြို့တို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသော ဂိုဏ်းများလက်ထဲတွင် သားကောင်အဖြစ် ကျရောက်နေဆဲဖြစ်ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် အွန်လိုင်းမှလိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများကို ပြန်ကယ်တင်နိုင်ရန် ကူညီပေးခဲ့ကြောင်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများကို ပြန်ကယ်တင်ခဲ့သောအော်ပရေးရှင်းတစ်ခုတွင် မြန်မာအာဏာပိုင်များအပြင် တရုတ်အစိုးရတာဝန်ရှိသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် လက်ရှိအချိန်တွင် ပြန်လည်ကယ်တင်နိုင်ခဲ့သော ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Kanchana Patarachoke က ပြောသည်။
Ref; bangkokpost