MT News
Written by Nay Moe
“Operation 1027” ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယမန်နေ့က စတင်တိုက်ခိုက်ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၈ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် ချင်းရွှေဟော်ပတ်လည်ရှိ တပ်စခန်းကုန်းအားလုံး သိမ်းပိုက်ထားနိုင်ကြောင်း မြောက်ပိုင်းသုံးဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး၊ ပထမနေ့တွင် နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင် တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရယူနိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း လခရအလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့ကို သိမ်းဆည်းခဲ့သည်။ သိမ်း ဆည်းရမိသောလက်နက်ခဲယမ်းများမှာ M16- ၃ လက်၊ ငါးကြင်းမြီး- ၁ လက်၊ MA4- ၂ လက်၊ MA3- ၁၁ လက်၊ 60MM- ၂ လက်၊ ပစ္စတို- ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀ လုံး၊ M9- ၇ လုံး၊ RPG- ၅၀ လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀ လုံး၊ မိုင်း- ၄ လုံး၊ ကျည်ဆံ- ၁၀၀၀၀ လုံး(တစ်သောင်းကျော်) နှင့် စစ်အသုံးအဆောင်ပစ္စည်းတို့ဖြစ်ကြသည်။
ထို့အပြင် စတုတ္ထမြောက် တိုက်ခိုက်မှုအဖြစ် တပ်မဟာ (၆)စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်းတန်တပ်စခန်းတို့ကိုလည်း နံနက်ပိုင်း ၅ နာရီ ၂၀ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်း ၁၂ နာရီအချိန်တွင် ၎င်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ဤတိုက်ပွဲအတွင်း လခရများ၏ သေနတ် ၁၄ လက်၊ RPG ၁လက်၊ 60MM- ၂ လက်၊ စက်လက်အကြီး ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀ လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀ လုံး၊ မိုင်း၊ ကျည်ဆံအမြောက်အမြားနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့သည်။
ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ယမန်နေ့က ကျန်ရှိနေသော လခရစခန်း ၄ ခုအား အောက်တိုဘာ၂၈ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်တွင် တစ်ခုမကျန် ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ လခရ စခန်းအားလုံး ကျဆုံးသွားပြီဖြစ်သကဲ့သို့ စခန်းအားလုံးအား ထိန်းချုပ်ထားပြီးဖြစ်သည့်အပြင် လခရလေယာဉ်မှ လေထီးဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် ၁၀ ထုပ်စလုံးအားတစ်ခုမကျန် သိမ်းဆည်းရမိထားပြီးဖြစ်သည်ဟု MNDAA၊ TNLA နှင့် AA တို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။