၂၉. ၁၀. ၂၀၂၃
Written by Nay Aung
နိုင်ငံရေးအငြင်းပွားမှုများ၊ စီးပွားရေး စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သြစတြေးလျအခြေစိုက်စီးပွားရေး သုတေသီအဖွဲ့အစည်းတစ်ခုဖြစ်သော Idem Est Research & Advisory က သုံးသပ်ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများရင်ဆိုင်နေရသော် လည်း မြန်မာနိုင်ငံ၏ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများက လာမည့်ဆယ်စုနှစ်ကျော်အတွင်း တည်ငြိမ်ကောင်းမွန်နေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးစီမံကိန်းများအားလုံးသည် ၂၀၂၃ ခုနှစ်မှ ၂၀၃၀ အတွင်း နှစ်စဉ် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ပျမ်းမျှတိုးတက်ဖွယ်ရှိနေပြီး ၂၀၃၀ ပြည့်နှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၃ ဘီလျံအထိ ဖွံ့ဖြိုးတိုးတက်လာဖွယ်ရှိနေကြောင်း Idem Est Research & Advisory က သုံးသပ်ထားသည်။
စမတ်ဖုန်းများ အသုံးပြုမှု အသားကျအံဝင်လာခြင်း၊ လူဦးရေတိုးတက်လာခြင်းနှင့် Device Affordable တို့ကြောင့် Broadband များနှင့် မိုလ်ဘိုင်း Subscriptions လုပ်ဆောင်သူအရေအတွက်သည်လည်း ၂၀၃၀ တွင် သန်း ၈၀ အထိ တိုးမြှင့်လာနိုင်ဖွယ်ရှိနေကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေးပိတ်ဆို့ခံရမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မရေမရာဖြစ်လာခြင်းကြောင့် ဆက်သွယ်ရေးဈေးကွက် မတည်ငြိမ်မှုများရှိခဲ့ကြောင်း၊ ဆက်သွယ်ရေးအော်ပရေတာများ၏အသုံးစရိတ်သည် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းကျဆင်းခြင်းများရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် Fixed Broadband ၏ အလားလာသည် ပိုမိုကောင်းမွန်လာဖွယ်ရှိနေပြီး ၂၀၂၃ ခုနှစ်တွင် အိမ်ထောင်စုများ၏ Fixed Broadband တပ်ဆင်မှု ၆ ဒသမ ၇ ရာခိုင်နှုန်းသာရှိသေးကြောင်း၊ သို့ သော်လည်း Fixed Broadband Subscribers အရေ အတွက်သည် နှစ်စဉ် ၂၀ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေပြီး ၂၀၃၀ တွင်၂ ဒသမ ၈ သန်းအထိ မြင့်တက်လာဖွယ် ရှိနေကြောင်း Idem Est Research & Advisory က သုံးသပ်ထားသည်။
MPT နှင့် 5BB ကဲ့သို့သော အော်ပရေတာများသည် Fibre Networks တိုးချဲ့တပ်ဆင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကမောင်းနှင်အားအဖြစ် ကူညီပေးဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင်အသုံးပြုနေသော မိုဘိုင်းတာဝါတိုင်များ အားလုံး၏ ၅၆ ရာခိုင်နှုန်းကို ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီများက ပိုင်ဆိုင်ကြပြီး ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းဝင်ငွေက ၂၀၃၀ အထိ နှစ်စဉ် ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးလာဖွယ်ရှိနေကြောင်း သိရသည်။
Idem Est Research & Advisory အဖွဲ့ဒါရိုက်တာတစ်ဦးဖြစ်သော Landry Fevre က”၂၀၂၁ ခုနှစ်မှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဈေးကွက်အခြေနေတွေဟာ မရေမရာမှုတွေကြားကနေ ဖွံ့ဖြိုးမှုတွေနဲ့ တည်ငြိမ်နေဆဲဖြစ်ပါတယ်။၂၀၃၀ မှာ မြန်မာနိုင်ငံမှာ Mobile Subscribers အရေအတွက် ၇၇ သန်းအထိ ရောက်ရှိလာဖွယ်ရှိပါတယ်။ Fixed Broadband ဈေးကွက်ကလည်း ဆက်လက်တိုးတက်လာဖွယ်ရှိနေပြီး အိမ်ထောင်စုတွေကြား ပိုမိုတပ်ဆင်လာဖွယ်ရှိနေပါတယ်”ဟု သုံးသပ်ထားသည်။