October 23, 2024

၁၅. ၁၁. ၂၀၂၂

Written by Naing Thuta

ယနေ့မနက်ပိုင်းကစတင်ကာ လမ်းဖောက်ရန်နှင့် ရဲကင်းဆောက်ရန်အတွက်ဆိုပြီး စလစ်၊ ဂရန်မရှိသော မန္တလေးမြို့သစ်၊ ဇီးအုပ်ရပ်ကွက်ဘက်မှ နေအိမ်များအား ဖြိုဖျက်နေသဖြင့် အိမ်အလုံးရေ ရာနှင့်ချီ ဖြိုဖျက်ခံရပြီး လူရာချီ အိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်း နိုဝင်ဘာ ၁၅ ရက်က နေအိမ်ဖြိုဖျက်ခံရသည့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“မနက် ၉ နာရီလောက်က ရဲနဲ့စစ်သားတွေ အများကြီးရောက်လာပြီး နေအိမ်တွေကို အခုဖျက်ပေးရမယ်ပြောတယ်။ ခဏနေတော့ ၁၀ နာရီလောက်ကျတော့ ဘူဒိုဇာသုံးစီးနဲ့ ထိုးပြီးစဖျက်တော့တာပဲ။ ကြိုတင်အကြောင်းကြားစာ တိတိကျကျလည်းမပေးထားဘူး။ နေလာတာ ၁၀ နှစ်ကျော်ပြီဆိုတော့ အခုလိုဖြစ်လိမ့်မယ်လည်းမထင်ထားဘူးပေါ့။ အခုတော့အိုးမဲ့အိမ်မဲ့ကို ဖြစ်ကုန်ကြပြီ”ဟု နေအိမ်ဖြိုဖျက်ခံရသည့် ပြည်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါဖြိုဖျက်မှုကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ အပိုင်း(၂) ဇီးအုပ်(ယခင်ဒေသအခေါ်) ၊ ရွှေမန်းလမ်းနှင့် မန်းလွယ်လမ်းကြား (ဒေသအခေါ်) ၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ မြေဂရမ်၊ စလစ်အတိအကျမရှိသည့် ရာချီကျော်သောနေအိမ်များကို အောက်တိုဘာ ၁၅ ရက် (ယနေ့) နံနက်ပိုင်းမှစတင်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဖြိုဖျက်ရှင်းလင်းနေမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုလိုဖျက်ရတာက ၄၈ လမ်းကြီးဖောက်လုပ်ဖို့နဲ့ ရဲကင်းဆောက်ဖို့အတွက် ဖျက်ရတာပါ။ အခုဖျက်ခံရတဲ့အိမ်တွေကလည်း မြေဂရမ်အတိအကျမရှိဘဲ နေထိုင်နေတဲ့အိမ်တွေပဲဖြစ်ပါတယ်။ ဖျက်မယ်လို့ ဒီနှစ် ဇန်နဝါရီလ ပထမအပတ်ကတည်းက အသိပေးထားပါသေးတယ်။ မကြာခင်ကလည်း ဖျက်တော့မယ်လို့ ဆော်ဩထားပါသေးတယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေဆိုသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဂရန်၊ စလစ်မရှိသော ရထားကျူး၊ လမ်း‌‌ကျူး၊ တာဝါကျူး၊ မြောင်းကျူး၊ အကွက်ကျူး စသည်တို့ကို မိမိတိုကိုယ်တိုင် ဖယ်ရှားကြရန် နိုဝင်ဘာလအတွင်း နိုတစ်စာထပ်မံထုတ်ပေးထားကြောင်းနှင့် ယခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ်ကြေညာထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“ဖျက်မယ်လို့တော့ အရင်ကတည်းက ကြားနေပါတယ်။ အရင် ဒီနေရာက လယ်ကွက်ကြီး သက်ဆိုင်ရာကလည်း လယ်ပိုင်ရှင်တွေကို လျော်ကြေးပေးပြီးထားတယ်လို့လည်းကြားတယ်။ ဒါပေမဲ့ တော်တော်နဲ့စီမံကိန်းက မလုပ်လာတော့ လယ်ပိုင်ရှင်တွေကလည်း အကွက်ရိုက်ပြီး ရောင်းချခဲ့ရာကနေ အဆင့်ဆင့် ဝယ်ရောင်းတွေလုပ်လာရာက လူတွေနေလာကြတာပဲ။ တချို့ဆို ၁၀ နှစ်ကျော်ပြီ။ နေလာကြတာ။ အရောင်းဝယ်စာချုပ်လေးတစ်ခုပဲပြနိုင်တော့ မတတ်နိုင်ဘူးလေ။ အခုလိုဖျက်တော့လည်း မကျေနပ်လို့တိုင်ပြန်ရင်လည်း အဆင့်ဆင့်လိုက်ရမှာနဲ့ ပိုကုန်ဦးမယ်။ ၂၀၀၇ လောက်ကတည်းက ပြည်ထဲရေးအမည်ပေါက်နေတာလို့ ခုနက တာဝန်ရှိသူတစ်ဦးပြောမှပဲ သိရတယ်” ဟု နေအိမ်ဖျက်ခံရသည့်သူတစ်ဦးက MT News ၏ မေးမြန်းမှုကို ရင်ဖွင့်ပြောဆိုသည်။

ထိုဖြိုဖျက်ပြီးသောနေရာအား တောင်မြောက် ၄၈ လမ်းကြီး ဖောက်လုပ်ရန်နှင့် ၎င်းအနီး နယ်မြေရဲကင်းတစ်ခုတည်ဆောက်သွားရန်အတွက် ယခုလိုဖြိုဖျက်နေကြောင်း သိရသည်။ ဖြိုဖျက်ခံရသောနေရာများတွင် အခိုင်အမာဆောက်လုပ်ထားသော အိမ်ကြီး အိမ်ကောင်းများ၊ ဓမ္မာရုံများလည်းပါဝင်နေပြီး ယင်းဒေသအတွင်းနေထိုင်နေကြသော အိမ်များသည် အိမ်ခြေစိပ်သဖြင့် လူနေအိမ်ခြေရာကျော်ခန့်ရှိသောကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကုန်သော ပြည်သူရာချီခန့်ရှိကြောင်းလည်း သိရသည်။

“ဘယ်အချိန် ကိုယ့်အိမ်တွေလည်း ပါလာဦးမလဲမသိဘူး။ ရင်တမမနဲ့ နေနေရတယ်” ဟု ၎င်းရပ်ကွက်၏ အပိုင်း(၃)တွင် နေထိုင်သူတစ်ဦးက စိုးရိမ်စွာပြောဆိုသည်။

ထိုနည်းတူ ၅၆ လမ်းနှင့် ၅၅ လမ်းကြား၊ ၁၁၉ လမ်းနှင့် ၁၂၀ လမ်းကြားရှိ ကျူးကျော်နေအိမ်များလည်း ယနေ့အပြီးဖျက်သိမ်းပေးရန် သက်ဆိုင်ရာ ရာအိမ်မှူးများက လိုက်လံကြေညာသွားသဖြင့် ဖြိုဖျက်ပေးနေကြကြောင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အထောက်ထားမပြနိုင်သောအိမ်များအား ယခုရက်သတ္တပတ်တွင်းဖျက်သိမ်းပေးရမည်ဟုလည်း စုံစမ်းသိရှိခဲ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အောင်မြေသာစံမြို့နယ်အတွင်းရှိ ရထားသံလမ်းနှင့်မလွတ်သောနေအိမ်များ၊ အိုးဘိုထောင်အနောက်ဘက်ရှိ ကားလမ်းဖြင့်မလွတ်သောနေရာများအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *