၁၅. ၁၁. ၂၀၂၂
Written by Nay Moe
NLD အစိုးရဟောင်းလက်ထက်တွင် ဖြစ်ပွားခဲ့သည့်ဘင်္ဂါလီအရေး (မူရင်းတွင် ရိုဟင်ဂျာ)နှင့် ပတ်သက်၍ နိုင်ငံတကာအခင်းအကျင်းတွင် မျက်နှာပျက်၍ မရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်သည့် NUG ၏ ၇၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ပြောသည်။
“မြန်မာပြည် အနောက်မြောက်ဘက် အခြမ်းမှာရှိတဲ့ တောင်အာရှနိုင်ငံတွေကိုလည်း မျက်ကွယ်မပြုဘဲ နိုင်ငံတကာဆက်ဆံရေးနယ်မှာ နိုင်ငံတကာလက်တံတွေ ဖြန့်ကျက်ထားဖို့ ကျွန်တော့် အနေနဲ့ အကြံပြုချင်ပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးတွေနဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ချိတ်ဆက်လုပ်ဆောင်ရမှာတွေ ရှိနေပါသေးတယ်။ ဘင်္ဂါလီ (မူရင်း-ရိုဟင်ဂျာ)အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအခင်းအကျင်းမှာ ကျွန်တော်တို့ မျက်နှာပျက်ရတာမျိုး ဖြစ်လို့မရပါဘူး။ သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ် အမြော်အမြင် ရှိရှိ ချိတ်ဆက်လုပ်ဆောင်ထားရမယ့်အရာတွေ အများကြီး ရှိနေပါတယ်။ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံစတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပြည်တွင်းနိုင်ငံရေးရေချိန် အနိမ့်အမြင့်ကို ချိန်ဆတွက်ချက်ပြီးတော့ ချိတ်ဆက်လုပ်ဆောင်စရာတွေ ရှိနေပါတယ်။ ဒါတွေကို NUG အဖွဲ့ဝင် အားလုံးလည်း သိနားလည်ပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒူဝါလရှီးလက ပြောသည်။
ထိုပြင် အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်သစ်ဖြစ်လာမည်ကို ကြိုဆိုကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ငါးချက်အပေါ် အာဆီယံက ဖိဖိစီးစီးလုပ်လာမည်ကို အပြုသဘောဆောင်ကြိုဆိုရမည်ဖြစ်ကြောင်းလည်း ဒူဝါလရှီးလက ပြောသည်။
”ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ကျွန်တော်တို့အတွက်ရော၊ မြန်မာ့နွေဦးတော်လှန်ရေးအတွက်ပါ အပြုသဘောဆောင်တဲ့ရလဒ်တချို့ ထွက်လာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ NUG အဖွဲ့ဝင်တွေရဲ့ အားထုတ်မှုတွေ ပါဝင်သလို၊ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ နိုင်ငံရေးစိတ်ဇော ထက်သန်ပြင်းပြမှုတွေကြောင့်လည်း ပါဝင်တယ်လို့ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ မြန်မာ့အရေးဖြေရှင်းရာမှာ ကျွန်တော်တို့အနေဖြင့်လည်း မြန်မာပြည်သူလူထုတွေရဲ့ နိုင်ငံရေးသဘောဆန္ဒအပေါ် အလေးထားပြီး အာဆီယံနဲ့အတူ လက်တွဲပူးပေါင်းလိုကြောင်း ထပ်မံပြောကြားပါရစေ။ ၂၁ ရာစုမှာ နိုင်ငံတွေဟာ တစ်ကိုယ်တည်း သီးခြားနေထိုင်လို့ မရတော့ဘူးဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ အပြန်အလှန် အမှီသဟဲပြုပြီး ပူးပေါင်းဆောင်ရွက်ရတာတွေ ပြန့်ကျယ်လာပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကနေ “Five Points Consensus” ကို ဖိဖိစီးစီး လုပ်ဆောင်ဖို့ ကြိုးပမ်းလုပ်ဆောင်လာမယ့် သဘောထားတွေကို တွေ့ရလို့လည်း အပြုသဘော ဆောင်ပြီး ကြိုဆိုရမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ သဘောတူညီချက်ရလာတဲ့ အရှေ့တီမောနိုင်ငံအတွက်လည်း ကျွန်တော်တို့ NUG က ကြိုဆို အသိအမှတ်ပြုရပါလိမ့်မယ်။ အရှေ့တီမော အနေနဲ့လည်း ခက်ခဲတဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေနဲ့အတူ လက်ရှိအခြေအနေမှာ ဒေသတွင်းနိုင်ငံတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုကြောင်းပြောချင်ပါတယ်။ မြန်မာပြည်အရေးကို စာနာထောက်ထားနားလည်တဲ့ အရှေ့တီမောလို နိုင်ငံတွေ အာဆီယံအဖွဲ့ွဲ့အဖြစ် ပါဝင်လာခြင်းဟာ တို့မြန်မာလူထု တရပ်လုံးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ပါတယ်” ဟု ဒူဝါလရှီးလက ဆက်လက်ပြောသည်။