October 19, 2024

၂၇. ၁၀. ၂၀၂၃

Written by Hey Mar

ပုသိမ်တက္ကသိုလ်မှာ ပထမနှစ်တက်ရောက်နေတဲ့ သမီးရည်းစားစုံတွဲကို ဓားနဲ့ထောက်ပြီး လုယက်သူ ၃ ဦးအနက် နှစ်ဦးကို တာဝန်သိပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးပေးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီခန့်က ဖြစ်ပွားပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ တက္ကသိုလ်အနီးလမ်းကြားရှိ သစ်ပင်အောက်မှာ ထိုင်စကားပြောနေတဲ့ ပထမနှစ်မြန်မာစာကျောင်းသူ ကျောင်းသားစုံတွဲထံကို ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာတဲ့ လူ ၃ ဦးအနက် နှစ်ဦးက ကျောင်းသားကို ထိုးကြိတ်ရိုက်နှက်လှဲချထားပြီး ကျန်တစ်ဦးက ကျောင်းသူကို

ဓားနဲ့ ထောက်ထားတာပါ။ ဒါ့အပြင် ကျောင်းသားကို အုတ်ခဲထပ်မံထုနှက်ပြီးဓားနဲ့ထောက် ဆိုင်ကယ်သော့တောင်းလို့ ကျောင်းသားဖြစ်သူက လွယ်အိတ်ထဲမှာရှိတယ် ပြောတာကြောင့် အိတ်ထဲက သော့ကို လုယက်သူက ထုတ်ယူနေချိန် ကျောင်းသားက တွန်းတိုက်ထွက်ပြေးကာ လမ်းမကြီးပေါ်ပြေးတက်ပြီး အများပြည်သူအကူအညီ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

လုယက်သူတွေကို အများပြည်သူက ဝိုင်းဝန်းဖမ်းရာမှာ နှစ်ဦးကို ဖမ်းမိပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူနှစ်ဦးက လပွတ္တာမြို့နယ် သင်္ဃန်းတောကျေးရွာနေ ဆန်းဦး (၅၀)နှစ်နဲ့ အင်္ဂပူမြို့နယ်၊ ပုတတ်ကုန်းကျေးရွာနေ ကျော်သက်(၃၃)နှစ်တို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ပုတတ်ကုန်း ရွာနေ ဇာနည်အောင်ဆိုသူဖြစ်ကြောင်း သိရပါတယ်။

တက္ကသိုလ်တက်ရောက်နေတဲ့ သမီးရည်းစားစုံတွဲကို ထိုးကြိတ်ရိုက်နှက်ပြီး ဓားနဲ့ထောက်ကာ ဖုန်းနဲ့ ဆိုင်ကယ်လုယက်ဖို့ ကြိုးစားသူတွေ အရေးယူပေးဖို့တိုင်တန်းချက်အရ ဟင်္သာတမြို့မရဲစခန်းက (ပ)၃၁၈/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ (၃၉၄) နဲ့ အမှုဖွင့်အရေးယူ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိ​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *