October 23, 2024
  • ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုတွင် ဒေါ်လာဘီလျံ ၂၀ ကျော် ကုန်သွယ်ထားပြီး ၁၆ ဒသမ ၅ ဘီလျံကျော်သာ ဆောင်ရွက်နိုင်ခဲ့သည့် ယမန်နှစ်ကာလတူထက် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုမိုကုန်သွယ်

၁၅. ၁၁. ၂၀၂၂

Written by Thettant

တိုက်ပွဲများကြောင့် လမ်းကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်နေသော်လည်း နယ်စပ်ကုန်သွယ်မှုထူးခြားစွာ လျော့ကျခြင်းမရှိဘဲ မြန်မာ-ထိုင်းနယ်စပ်တွင် ယမန်နှစ် ကာလတူထက် ၂၃၆ သန်းကျော် ပိုမိုကုန်သွယ်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုကဏ္ဍတွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း စသည့် လေးနိုင်ငံဖြင့် ကုန်သွယ်မှုပြုလုပ်နေပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုမှ ကုန်သွယ်ရာတွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပို့ကုန် ဒေါ်လာ သန်း ၁၂၃၀ ကျော်နှင့် သွင်းကုန် ဒေါ်လာ ၂၄၂ သန်းကျော်ရှိပြီး ယမန်နှစ် ကာလတူတွင် ပို့ကုန် ဒေါ်လာ ၁၂၅၃ သန်းကျော်နှင့် သွင်းကုန် ဒေါ်လာ ၃၆၉ သန်းကျော် ရှိပြီး သွင်းကုန်လျော့ကျသဖြင့် ကာလတူကုန်သွယ်မှုတွင် ဒေါ်လာ သန်း ၁၅၀ ကျော် ကျဆင်းခဲ့သည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၇ ခုမှ ကုန်သွယ်ရာတွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပို့ကုန် ဒေါ်လာ ၂၀၆၆ သန်းကျော်နှင့် သွင်းကုန် ဒေါ်လာ ၉၉၅ သန်းကျော်ရှိပြီး ယမန်နှစ် ကာလတူတွင် ပို့ကုန် ဒေါ်လာ ၁၈၃၆ သန်းကျော်နှင့် သွင်းကုန် ဒေါ်လာ ၉၈၉ သန်းကျော် ရှိသဖြင့် ကာလတူကုန်သွယ်မှုတွင် ဒေါ်လာ ၂၃၆ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုစုစုပေါင်းမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပို့ကုန်ဒေါ်လာ ၃၁၄၃ သန်းကျော်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုတွင် ဒေါ်လာ ၃၃၇၁ သန်းကျော်ရှိနေသဖြင့် ဒေါ်လာ ၂၂၇ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ပြီး သွင်းကုန်တွင်မူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ သွင်းကုန်ဒေါ်လာ ၁၅၇၇ သန်းကျော်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုတွင် ဒေါ်လာ ၁၂၈၁ သန်းကျော်သာရှိနေသဖြင့် ဒေါ်လာ ၂၉၅ သန်းကျော် လျော့ကျခဲ့သည်။

ထို့ကြောင့် နယ်စပ်ကုန်သွယ်မှုတွင် ၂၀၂၁-၂၀၂၂ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ဒေါ်လာ ၄၇၂၁ သန်းကျော်ကုန်သွယ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုတွင် ၄၆၅၃ သန်းကျော်သာ ဆောင်ရွက်နိုင်ခဲ့၍ နယ်စပ်ကုန်သွယ်မှု စုစုပေါင်းတွင် ကာလတူကုန်သွယ်မှုထက် ဒေါ်လာ ၆၇ သန်းကျော် လျော့ကျခဲ့သည်။

“တိုက်ပွဲဖြစ်လိုက်၊ ဗုံးခွဲလိုက်၊ လမ်းပိတ်လိုက်ဖြစ်နေတဲ့ မြဝတီကတော့ ဒေါ်လာ ၁၂၄ သန်းကျော် ကျသွားတယ်။ မူဆယ်မှာလည်း ဒေါ်လာ သန်း ၁၅၀ လောက်ကုန်သွယ်မှုကျသွားပေမဲ့ တခြားနယ်စပ်စခန်းတွေက ပိုကုန်သွယ်နိုင်တာရှိတော့ အထူးအထွေ မကျဘူးပေါ့။ နယ်စပ်မှာက တိုက်ပွဲတွေ မီးရှို့ဖျက်ဆီးခံရတာတွေရှိနေတာဆိုတော့ ပို့ကုန်သွင်းကုန်လုပ်ကြတဲ့သူတွေက ပင်လယ်ရေကြောင်းကို အားပြုလာတော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုက လေးဘီလျံလောက် တက်လာတာပေါ့”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင်မူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပို့ကုန်ဒေါ်လာ ၅၂၈၈ သန်းကျော်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုတွင် ဒေါ်လာ ၆၅၂၀ သန်းကျော်ရှိနေသဖြင့် ဒေါ်လာ ၁၂၃၂ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့သလို သွင်းကုန်တွင်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ သွင်းကုန်ဒေါ်လာ ၆၅၀၆ သန်းကျော်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုတွင် ဒေါ်လာ ၉၂၂၅ သန်းကျော်ရှိနေသဖြင့် စုစုပေါင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ကာလတူကုန်သွယ်မှုထက် ဒေါ်လာ ၃၉၅၁ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့သည်။

ထို့ကြောင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန် ဒေါ်လာ ၁၅၇၄၅ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၄၆၅၃ သန်းကျော်ရှိသဖြင့် စုစုပေါင်း ၂၀၃၉၉ သန်းကျော် ကုန်သွယ်နိုင်ခဲ့သဖြင့် ပို့ကုန်ဒေါ်လာ ၁၁၇၉၄ သန်းကျော်၊ သွင်းကုန်ဒေါ်လာ ၄၇၂၁ သန်းကျော် စုစုပေါင်း ဒေါ်လာ ၁၆၅၁၅ သန်းကျော်သာ ဆောင်ရွက်နိုင်ခဲ့သည့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက် ကာလတူထက် ဒေါ်လာ ၃၈၈၃ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *