October 19, 2024

၂၇. ၁၀. ၂၀၂၃

Written by Nyein Kyaw

ပြည်ပနိုင်ငံသားများ၏ အချက်အလက်များ ရှာဖွေစုဆောင်းကာ အွန်လိုင်းလိမ်လည်သူများထံ ပြန်လည်ရောင်းချသည့် တာမွေနှင့် အင်းစိန်မြို့နယ်တို့မှ တရားခံ ၉၅ ဦးအား ဖမ်းဆီးခဲ့ပြီး တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ထုတ်ပြန်သည်။

အွန်လိုင်းလိမ်လည်လုပ်ငန်းများ ရှာဖွေဖော်ထုတ်နေမှုအရ အောက်တိုဘာလ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ် (S-19) တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co., Ltd အား သတင်းအရ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ဇူကျန်း (ခ) လောက်ဖ၊ ၃၄ နှစ်၊ (ဘ) ဦးလောက်ရှီးအပါအဝင် တရားခံ ကျား ၆၆ ဦး၊ မ ၂၂ ဦး စုစုပေါင်း ၈၈ ဦးတို့အား ပြည်ပနိုင်ငံသားများ၏ အချက်အလက်များစုဆောင်း၍ ငွေကြေးလိမ်လည်နိုင်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်။

This image has an empty alt attribute; its file name is 396515821_122131513424030934_8023734377174651429_n.jpg

ထိုနေ့က MT News သတင်းဌာနက နယ်မြေအတည်ပြုစုံစမ်းမှုများအရ ထိုအွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသားများအပါအဝင် ဝန်ထမ်း ၉၀ ခန့်ကို တာဝန်ရှိသူများက ဦးချစ်မောင်အိမ်ရာ S – 19 မှ နံနက် ၅ နာရီခန့်တွင် စီးနင်းဖမ်းဆီးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဆက်လက်၍ တရားခံ ဇူကျန်း (ခ) လောက်ဖ၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ Spring Line ကွန်ဒို၊ (၅) လွှာ၊ အခန်း (၅၀၁) သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျန်းယွိ၊ ၃၀ နှစ်၊ (ဘ) ဦးကျော်ရုံရွှန်းအပါအဝင် ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

This image has an empty alt attribute; its file name is 396517097_122131513472030934_3149366386092102004_n.jpg

ဖော်ထုတ်ရရှိချက်များအရ Supportfix Co., Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း၊ Dimond Condo (၇) လွှာနေ Zhan Tu Co., Ltd ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ရုံးခန်းဖွင့်လှစ်ထားသည့် ကမာရွတ်မြို့နယ်၊ Time City Office Tower (3) (၁၅) လွှာ၊ အခန်းအမှတ် (၁၅၀၂) အား ဆက်လက်ရှာဖွေချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါအဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးများ လိမ်လည်ရယူနိုင်ရန်အတွက် ပစ်မှတ်များရှာဖွေစုဆောင်ခြင်း၊ ရရှိသည့် ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များရယူရန်အတွက် ဝန်ထမ်းများအား အဖွဲ့တစ်ဖွဲ့လျှင် ၁၀ ဦးစီခန့်ဖြင့် အဖွဲ့ငယ် ၈ ဖွဲ့ ဖွဲ့စည်းထားရှိပြီး WhatsApp လူမှုကွန်ရက်မှတစ်ဆင့် ပစ်မှတ်များထံ ဆက်သွယ်၍ အချက်အလက်များရယူလေ့ရှိကြောင်း၊ ရရှိသည့်အချက်အလက်များအား စုဆောင်း၍ ငွေကြေးလိမ်လည်မည့် အခြားအဖွဲ့အစည်းများသို့ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ဖော်ပြထားသည်။

This image has an empty alt attribute; its file name is 396541880_122131513724030934_1022226712014167220_n.jpg

ထိုကဲ့သို့ Online လူမှုကွန်ရက်မှတစ်ဆင့် ပြည်ပနိုင်ငံသားများထံ ငွေကြေးလိမ်လည်မှုပြုလုပ်နေသူ ဖမ်းဆီးရမိတရားခံ ၉၅ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း အထက်ပါကဲ့သို့ ငွေကြေးလိမ်လည်နေသည့် အဖွဲ့အစည်းများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *