October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Nay Moe

ခင်ဦးနှင့် ကျိုက်ထိုမြို့တို့တွင် ရပ်ကျေးတာဝန်ရှိသူနှစ်ဦးအား PDF များ သတ်ဖြတ်သွားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်များမှာ အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ သီဟမုနိဘုရားသွားလမ်းကြား၌ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရာကျော် (ခ)ဦးဝင်းအောင် (၄၇)နှစ်အား PDF များက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သီဟမုနိဘုရားသွားလမ်းကြား၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရာကျော်(ခ) ဦးဝင်းအောင်အား ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ယာဒူးတို့၌ ကျည်ထိမှန်ဒဏ်ရာသုံးချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နေအိမ်မှအပြင်သို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်းထွက်ခွာသွားစဉ် အခင်းဖြစ်နေရာအရောက် PDF များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးသူ၏အလောင်းအား ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ ရာအိမ်မှူး ဦးကျော်မင်းဦး (၅၉)နှစ်သည် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာရှိ “ဘိုဘို”ကွမ်းယာဆိုင်မှ ကွမ်းယာဝယ်ပြီး ဆိုင်ကယ်ဖြင့်ပြန်ရန် ပြုလုပ်နေစဉ် PDF တစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်မင်းဦးတွင် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ယာလက်ကောက်ဝတ်နှင့် ယာပေါင်တို့၌ ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *