October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Nyein Kyaw

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွားများဖြစ်နေသည့်အတွက် မြန်မာ-တရုတ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဝန်ထမ်းများအလုပ်မဆင်းနိုင်ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝရပ်ဆိုင်းထားကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။

“လုံးဝမလုပ်နိုင်ဘူး။ လုံးဝရပ်လိုက်ပြီ။ ဘယ်နေ့လောက်ဖြစ်မယ်ဆိုတာလည်း မသိဘူး။ ဇုန်လည်းပိတ်ထားတယ်။ ဝန်ထမ်းတွေလည်း တစ်ယောက်မှ အလုပ်မဆင်းကြဘူး” မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တစ်ရက်လျှင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်ပစ္စည်း ကုန်ကားအစီးရေ ၅၀ ဝန်းကျင်နှင့် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် သွင်းကုန်ပစ္စည်း ကုန်ကားအစီးရေ ၁၀၀ ဝန်းကျင် စုစုပေါင်း ကုန်ကားအစီးရေ ၁၅၀ ဝန်းကျင် ကုန်သွယ်မှုဆောင်ရွက်နေသော ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက် (ယမန်နေ့) နံနက် ၄ နာရီဝန်းကျင်မှစတင်၍ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် သိန္နီ ဒေသများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် လားရှိုးမြို့နယ်မှစ၍ မြန်မာ-တရုတ်နယ်စပ် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ထားရပြီး ချင်းရွှေဟော်မြို့တွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင်းသို့လည်း ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ချင်းရွှေ‌ဟော်နယ်စပ် ကုန်သွယ်ရေးစခန်းအပြင် အခြားသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း အကုန်လုံးနီးပါးရပ်ဆိုင်းခဲ့ပြီး ဖုန်းလိုင်းများနှင့် လျှပ်စစ်မီးများပါ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် စစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ က အောက်တိုဘာလ ၂၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် သိန္နီ ဒေသများကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲနှင့်တပ်လုံခြုံရေးအဖွဲ့ဝင်များလည်း ကျဆုံးမှုရှိခဲ့ကြောင်း၊ ထို့ပြင် ဟိုတယ်ဝန်ထမ်းနှင့် အရပ်သားများကို “၀” ဒေသတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားမှုများလည်း ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *