October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Thettant

၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ရဲ့ အမျိုးသမီးလက်ဝှေ့ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ်ထရူးသီဖောင်(Trieu Thi Phuong)နဲ့ မြန်မာဆိုတဲ့ ခေါင်းစဥ်အောက်မှာ ထိုးသတ်နေတဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာတို့ရဲ့ ဇွန်လ ၁၈ ရက်က Thai Fight ပွဲမှာ ထိုးသတ်ချိန် ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ်က လက်ကာပြ အရှုံးပေးအောင် ဘရော်နီကာက ထိုးသတ်နိုင်ခဲ့ပါတယ်။

ဒီပွဲဟာ ကယန်းလူမျိုး မြန်မာလက်ဝှေ့မယ် ဘရော်နီကာရဲ့ ၁၃ ကြိမ်မြောက် အနိုင်ပွဲလည်းဖြစ်ခဲ့ပြီး ထရူးသီဟာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ပီပီ ပထမအချီမှာ ဘရော်နီကာအထိနာအောင် ဆိုင်ထိုးပြိုင်ထိုးနိုင်ခဲ့လို့ မြန်မာ့ကျားသစ်မယ်ဟာ ခက်ခဲတဲ့ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရတာပါ။ ဒုတိယအချီမှာတော့ ဆိုင်ထိုးပြိုင်ထိုးနေတဲ့ကြားက Thai Fight ရဲ့ အမျိုးသမီးဘုရင်မ ဘရော်နီကာဟာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ကို နှာခေါင်းသွေးယိုအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_14-45-28-2-819x1024.jpg

ဘရော်နီကာ ဒိုင်ပွဲရပ်နဲ့နိုင်စေမဲ့ တတိယအချီဟာ တစ်မိနစ်တောင်မကြာဘဲ ဘရော်နီကာရဲ့ ထိုးသတ်မှုတွေ အရိုင်းဆန်အကြမ်းခံတဲ့ ပေါက်ကွဲမှုတွေကြားမှာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ထရူးသီဟာ အရှုံးပေးကြောင်းလက်ကာရင်း ထွက်ပြေးတဲ့နောက်မှာတော့ မြန်မာ့ကယန်းကျားသစ်မယ်ဟာ ဒိုင်ပွဲရပ်နဲ့ နိုင်ခဲ့ပါပြီ။

မနက်ဖြန်မှာဆိုရင်တော့ ဘရော်နီကာဟာ လုပူရီမြို့မှာ Phayasingha နဲ့ ယှဥ်ပြိုင်ထိုးသတ်မှာပါ။ အသက် ၂၆ နှစ်အရွယ် Phayasingha ဟာ ပွဲစဥ် ၆၈ ပွဲထိုးသတ်ထားပြီး နောက်ဆုံးထိုးထားတဲ့ပွဲမှာ Pancake ကို အမှတ်နဲ့ရှုံးနိမ်ထားပြီး ၅၇ ပွဲနိုင် ၆ ပွဲရှုံးထားသူပါ။ Phayasingha ဟာ လက်စွမ်းလက်စမဆိုးပေမဲ့ ဘရော်နီကာ့ကို နိုင်လောက်အောင်စွမ်းဆောင်နိုင်မှာမဟုတ်ဘဲ One Championship ကို တက်လှမ်းချင်နေတဲ့ ဘရော်နီကာ့အတွက် လှေကားထစ်မှတ်တမ်းတစ်ခုပဲတိုးလာမှာပါ။

This image has an empty alt attribute; its file name is photo_2023-10-28_14-45-28-637x1024.jpg

ဒါပေမဲ့လည်း ဘရော်နီကာနဲ့ Phayasingha တို့ရဲ့ မနက်ဖြန်ပွဲဟာ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ထရူးသီနဲ့ပွဲလောက်ကြည့်ကောင်းမယ်လို့ မယူဆဘဲ အီတလီလက်ဝှေ့မယ် Ester Viola ကို အီတလီနိုင်ငံမှာ ဧပြီ ၂၂ ရက်ညက ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ချိန် သူ့အိမ်ကွင်း သူ့ပရိသတ်ရှေ့မှာ ဘရော်နီကာ အနိုင်ရခဲ့သလိုမျိုး၊ မေလ ၂၁ ရက်က ထိုင်းနိုင်ငံသူ Aomsin နဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာတို့ ထိုးသတ်တဲ့ပွဲမှာ ပထမအချီ ပွဲချိန်နှစ်မိနစ်မပြည့်ခင် ဘရော်နီကာက အလဲထိုးနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ပွဲမျိုးလောက်ပဲရှိမှာပါ။

ကယန်းပျိုဖြူ လက်စွမ်းထက်သူဖြစ်လို့ ထိုင်းကမွေးစားလိုက်ပြီ ဘယ်လိုပြောပြော မြန်မာဆိုတဲ့ခေါင်းစဥ်အောက်မှာ ဘရော်နီကာ ယှဥ်ပြိုင်နေပြီး မြန်မာ့အလံကို ကမ္ဘာ့အလယ်ချပြချင်စိတ်ပြင်းပြတဲ့ ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲချန်ပီယံ ဘရော်နီကာဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ ဂုဏ်ယူစရာအဖြစ် မနက်ဖြန်ပွဲမှာလည်း ဆက်ရှိနေဦးမှာပါပဲ……။

Leave a Reply

Your email address will not be published. Required fields are marked *