October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Nay Aung

ထိုင်း အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့သည် ခိုးယူထားသော ကားနှင့်ဆိုင်ကယ်များကို ရောင်းချရန် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်နေသည့် ကားသူခိုးဂိုဏ်းနှင့်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ မြန်မာအမျိုးသမီး အပါအဝင် လူပေါင်း ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံရှိ ပြည်နယ် လေးခု၏နေရာ ၁၂ ခုကို စီးနင်းရှာဖွေခဲ့ပြီးနောက် ကားသူခိုးဂိုဏ်းနှင့် ဆက်နွှယ်သူများအဖြစ် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ကားသူခိုးဂိုဏ်း ၏ ခေါင်းဆောင်ဖြစ်သူသည် အသက် ၄၈ နှစ်အရွယ်ရှိ မယဉ်သိန်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံသားကက် ကိုင်ဆောင်ထားသူဖြစ်ကြောင်း ထိုင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကားသူခိုးဂိုဏ်းသည် မလေးရှားနိုင်ငံမှကားများကို ခိုးယူပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံပို့ဆောင်ကာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် စာရွက်စာတမ်းအတုများ၊ ကားနံပါတ်အတုများထပ်မံလုပ်ဆောင်ကာရောင်းချရန်အတွက် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဆာမတ်ဆာခွန်ပြည်နယ်၊ ဆာမတ်ပရာခွန်ပြည်နယ်၊ ဆာရက်တာနီပြည်နယ်၊ နာရက်သီဝက်ပြည်နယ်နှင့်ပတ်တာနီပြည်နယ်တို့ရှိ ပစ်မှတ်ထားသောနေရာပေါင်း ၁၂ နေရာကို စီးနင်းရှာဖွေခဲ့ရာ သံသယရှိသူများနှင့်အတူ ထိုင်းဘတ် သန်း ၂၀ ကျော်တန်ဖိုးရှိ ကားအစီးရေ ၂၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-28_14-35-03.jpg

ထိုင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့သည် အမြန်လမ်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး နံပါတ်အတု လုပ်ဆောင်ထားသော ကားများကို စောင့်ကြည့်စစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားသော ကားအစီးရေပေါင်း ၁၅၁ စီးအပါအဝင် ကားအစီးရေ ၂၀၀ နီးပါး ထပ်မံဖမ်းဆီးရမိခဲ့ကာ ကားအချို့ကို မူလပိုင်ရှင်လက်ထဲသို့ ပြန်ပို့သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါကားသူခိုးဂိုဏ်းတွင်ပါဝင်နေသူများသည် မြန်မာ နိုင်ငံသားများနှင့်ထိုင်းနိုင်ငံသားများဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်မြန်မာအမျိုးသမီးက Ms. Mali Supsombat အမည်ရှိ ထိုင်းနိုင်ငံသားကဒ်ကိုင်ဆောင်ထားသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး Anusorn က ထုတ်ဖော်ပြောဆိုထားသည်။ ထိုင်းရဲတပ်ဖွဲ့သည် ကားသူခိုးဂိုဏ်းဆောင်ဖြစ်သူ မြန်မာအမျိုးသမီးကို ချမ်ဖွန်ပြည်နယ်တွင်ဖမ်းဆီးရမိခဲ့ပြီး ကားသူခိုးဂိုဏ်းတွင် အဓိကအရေးပါသူတစ်ဦးဖြစ်သော အသက် ၅၃ နှစ်အရွယ်ရှိ Mr. Aman Rudeng Dawkha Je Tae ဆိုသူကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းဒုတိယရဲမှူးကြီး Anusorn က “ကားတွေကို မလေးရှားနိုင်ငံဘက်ခြမ်းကနေ ခိုးယူတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကို ပို့တယ်။ထိုင်းနိုင်ငံအတွင်းမှာ ကား လိုင်စင်နံပါတ်ပြားအတု၊ အခွန်ဆောင်မှုအတု၊ စာရွက်စာတမ်းအတုတွေ လုပ်ခဲ့ကြတယ်။ ဖမ်းဆီးခံရသူတွေထဲမှာပါဝင်တဲ့အသက် ၄၁ နှစ်အရွယ်ရှိ Mr. Nikhom Chanta ဟာ ခိုးယူထားတဲ့ကားတွေကို လိုင်စင်နံပါတ်ပြားတွေ အတုလုပ်ဖို့ ဦးဆောင်သူဖြစ်တယ်။ သံသယရှိသူ ၁၁ ဦးကို စစ်ဆေးမေးမြန်းနေတယ်။ နှစ်ဦးကတော့ ဝန်ခံထားတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အဲဒီကားသူခိုးဂိုဏ်းဟာ မလေးရှားနိုင်ငံကနေ ကားတွေခိုးယူပြီး ထိုင်းနိုင်ငံကို တစ်ဆင့်ပို့ဆောင်ခဲ့တယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာလိုင်စင်နံပါတ်ပြားအပါအဝင် လိုအပ်တဲ့စာရွက်စာတမ်းတွေကို အတုလုပ်ပြီး ရောင်းချဖို့ မြန်မာနိုင်ငံဘက်ခြမ်းကို ကားအစီးရေ ၂၀၀၀ ကျော်ပို့ခဲ့တယ်” ဟု ပြောသည်။

Ref; thairath

Leave a Reply

Your email address will not be published. Required fields are marked *