October 19, 2024

၂၈. ၁. ၂၀၂၃
Written by Pan Ei

မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်မရှိဘူးဆိုပေမဲ့ အီတလီနိုင်ငံမြောက်ပိုင်း ပါဗီရာမြို့မှ အသက် ၇၅ နှစ်အရွယ် မိခင်ဖြစ်သူက အိမ်မှာ ကပ်နေ,နေတဲ့ အသက် ၄၀ နဲ့ ၄၂ နှစ်အရွယ် သားနှစ်ယောက်ကို အိမ်ပေါ်ကနေဆင်းဖို့ တရားစွဲဆိုခဲ့ရာမှာ မိခင်က အနိုင်ရရှိခဲ့လို့ သိရပါတယ်။

ပါဗီရာခရိုင်တရားရုံးမှာ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက သားနှစ်ယောက်ကို “ကပ်ပါးကောင်”တွေလို့ ဖော်ပြခဲ့ပြီး သားနှစ်ယောက်က မိသားစုအတွက် ငွေကြေးထောက်ပံ့ခြင်းနဲ့ ကူညီခြင်းတွေမရှိဘဲ အိမ်မှာနေထိုင်ခဲ့ကြတယ်လို့ဆိုကာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ တရားရုံးရဲ့မှတ်တမ်းတွေအရတော့ သားနှစ်ယောက်လုံးဟာ အလုပ်အကိုင်ရှိကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးမီက တရားသူကြီး Simona Caterbi က ခင်ပွန်းဖြစ်သူနဲ့ ကွဲကွာနေပြီး ပင်စင်စားစရိတ်နဲ့ရပ်တည်နေရတဲ့ အငြိမ်းစားမိခင်ရဲ့ အိမ်ကနေ ထွက်ခွာဖို့ သားဖြစ်သူတွေကို စီရင်ချက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံသတင်းစာ La Provincia Pavese ရဲ့အဆိုအရ အီတလီမိဘတွေက သားသမီးတွေကို လိုအပ်သရွေ့ ပြုစုစောင့်ရှောက်ဖို့ ဥပဒေအရ လိုအပ်တယ်လို့ သားဖြစ်သူတွေက စောဒကတက်ခဲ့ကြပြီး တရားသူကြီးကတော့ အသက် ၄၀ ကျော်နေပြီဖြစ်တဲ့ သားနှစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့အသက်ကိုကျော်လွန်သွားတာနဲ့ ကလေးတွေက ထိန်းသိမ်းစောင့်ရှောက်မှုတာဝန်ကို ကန့်သတ်ချက်ထက်ကျော်လွန်ပြီး မိဘတွေဆီက မျှော်လင့်ခွင့်မရှိဘူးလို့လည်း ဖော်ပြခဲ့ခြင်းဖြစ်ကာ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ အမျိုးသားတွေရဲ့ရှေ့နေက ဒေသခံမီဒီယာကို ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က ဒေတာအရ ပျမ်းမျှအနေနဲ့ အီတလီလူမျိုးတွေက ပျမ်းမျှအသက် ၃၀ မှာ မိဘအိမ်ကနေထွက်ခွာတတ်ကြပြီး ခရိုအေးရှားက ဥရောပသမဂ္ဂမှာ အသက်အမြင့်ဆုံးဖြစ်ပြီး ပျမ်းမျှအသက် ၃၃ ဒသမ ၄ နှစ်ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဖင်လန်၊ ဆွီဒင်နဲ့ ဒိန်းမတ်တို့မှာတော့ ပျမ်းမျှအသက် ၂၁ နှစ်ကစပြီး လူငယ်တွေက ကိုယ်ပိုင်ဘဝ စတင်ကြပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *