October 23, 2024

စိုင်းမောင်ထွန်းနှင့် ဖမ်းဆီးမိယာဥ်၊ အောင်ညွန့်စိုး၊ ကျော်စိုးတိုနှင့်အတူ ဖမ်းမိသည့် မူးယစ်ဆေးများကို တွေ့ရစဥ်

၁၅. ၁၁. ၂၀၂၂

Written by Thettant

နောင်ချိုနှင့် ငဖဲမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀၀၀ ကျော် ဖမ်းမိပြီး သယ်ဆောင်လာသူသုံးဦးပါ ဖမ်းဆီးမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် နို၀င်ဘာ ၁၃ ရက် ညနေ ၄ နာရီခန့်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်တူ နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းမောင်ထွန်း(ခ)မောင်ထွန်း မောင်းနှင်လာသည့် Super Custom အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၈၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းမောင်ထွန်း(ခ) မောင်ထွန်း(၂၄)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် နို၀င်ဘာ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်တူ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၊ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် ရန်ကုန်မြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မောင်းနှင်လာသည့် — ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် အောင်ညွန့်စိုးနှင့် ကျော်စိုးတို့ တင်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၅၀၀၀)၊ မြန်မာငွေကျပ် ၂၄.၆၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် အောင်ညွန့်စိုး(၄၇)နှစ်နှင့် ကျော်စိုး(၂၀)နှစ်တို့အား ပဒါန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *