October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Zaw Moe

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲများဖြစ်ခဲ့သည့်အရှိန်ကြောင့် မြန်မာ-ထိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေးပါ ယမန်နေ့က ခေတ္တရပ်ဆိုင်းခဲ့ရသော်လည်း ယနေ့တွင် လမ်းကြောင်းအခြေအနေပေါ်မူတည်၍ ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည်လုပ်ငန်းရှင်များထံမှ သိရသည်။

“မနေ့က တစ်ရက်တော့ ရပ်တယ်။ ယာယီရပ်ထားတယ်။ ဒီနေ့ကတော့ ပုံမှန်ပြန်လုပ်နေပါတယ်။ ပြောမယ်ဆိုရင် ပုံမှန်ပြန်လုပ်တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း သေချာတော့ မပြောတတ်သေးဘူးပေါ့။ လက်တလောမှာတော့ ပုံမှန်ဖြစ်နေတာပေါ့။ အခြေအနေအပေါ်မူတည်ပြီးတော့ ပြောင်းလဲမှာပေါ့” ဟု မြဝတီနယ်စပ်ရှိ ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ စတင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့ က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါနေ့ရက် နံနက် ၄ နာရီဝန်းကျင်မှစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တိုက်ပွဲများပြင်းထန်ခဲ့ကာ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မြို့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် သိန္နီ ဒေသများကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲနှင့်တပ်လုံခြုံရေးအဖွဲ့ဝင်များလည်း ကျဆုံးမှုရှိခဲ့ကြောင်း၊ ထို့ပြင် ဟိုတယ်ဝန်ထမ်းနှင့် အရပ်သားများကို “၀” ဒေသတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားမှုများလည်း ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ခဲ့ခြင်းကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းခဲ့ပြီး ဖုန်းလိုင်းများနှင့် လျှပ်စစ်မီးများပါ ပြတ်တောက်နေကြောင်း ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *