October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Zaw Moe

Tik Tok တွင် ဘန်ကောက်မြို့မှ မြန်မာသံရုံး၊ ဝန်ထမ်းများကို ခြိမ်းခြောက်သည့် ထိုင်းနိုင်ငံရောက် MOU အလုပ်သမား ချစ်ကိုကိုအား နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးခွင့်ရှိသူစာရင်းမှ ပယ်ဖျက်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

Oake kar soe အမည် Tik Tok တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာသံရုံး၊ ဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုနေသဖြင့် ဖြစ်စဉ်အမှန်အား သိရှိရန် သက်ဆိုင်ရာဌာနများသို့ စုံစမ်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

Oake kar soe (ဥက္ကာစိုး) ဆိုသူမှာ နာမည်အရင်း ချစ်ကိုကိုဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဩဂုတ်လက MOU အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သူဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းကုန်ခါနီးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်က မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်အသစ်လုပ်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများသည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလာသူများကို Blacklists (အမည်ပျက်စာရင်း)၊ Watch Lists (စောင့်ကြည့်စာရင်း) စစ်ဆေးပြီးနောက် ကင်းလွတ်သူများကိုသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရန် ညွှန်ကြားထားရှိပြီးဖြစ်သည်။

ချစ်ကိုကိုသည် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် PDF များကို ထောက်ပို့လုပ်ငန်း ဆောင်ရွက်ပေးနေသူဟု Tik Tok တွင် နာမည်ရှိနေသဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခွင့်ရှိသူစာရင်းမှ ပယ်ဖျက်ထားသောကြောင့် မြန်မာသံရုံးမှ ၎င်းအား စာအုပ်အသစ် ထုတ်ပေးနိုင်မှုမရှိခြင်းဖြစ်ကြောင်း မေးမြန်းသိရှိရသည်ဟု ဖော်ပြထားသည်။

ပြည်ပတွင် နေထိုင်သူများအတွက် နိုင်ငံကူးလက်မှတ်မရှိလျှင် မလုံခြုံသောကြောင့် လက်မှတ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်တတ်ရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် နေထိုင်၍ နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော NUG/PDF များ ထောက်ပို့ပြုလုပ်ခဲ့သော Oake kar soe (ဥက္ကာစိုး) ဆိုသူမှာ နာမည်အရင်း ချစ်ကိုကိုသည် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် လာရောက်ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းများ၏ တာဝန်အရ ဆောင်ရွက်နေမှုများကို ခြိမ်းခြောက်နေသော ရုပ်သံဖိုင်များ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *