October 19, 2024

MT News
၂၈. ၁၀. ၂၀၂၃

ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်၊ ရတနာပုံလမ်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် သော်တာလင်း မောင်းနှင်လာသည့် Changhe မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၈ နာရီခွဲအချိန် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ လွှဲပြောင်းပေးအပ်ခဲ့သူ မျိုးမင်းပိုင် အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်၊ (၁၇/၁၄၄) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ လွှဲပြောင်းပေးစဉ်က သယ်ဆောင်လာသည့် Light Truck မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ဖမ်းမိတရားခံ သော်တာလင်း ငှားရမ်းထားသည့် မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းရှိအခန်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *