October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by Nay Aung

နိုင်ငံတကာအဖွဲ့စည်းတစ်ခုဖြစ်သော World Justice Project (WJP)အဖွဲ့က ထုတ်ပြန်လိုက်သော ၂၀၂၃ ခုနှစ်အတွက် တရားဥပဒေစိုးမိုးမှု Rule of Law Index ကမ္ဘာအညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ကမ္ဘာအဆင့် ၁၃၅ နေရာ၌ ရပ်တည်နေသလိုအာဆီယံဒေသတွင်း နိုင်ငံများထဲတွင်လည်း ရမှတ် ဒုတိယအနည်းဆုံးဖြင့် အောက်ဆုံးနေရာနားတွင် ရပ်တည်နေကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၁၄၂ နိုင်ငံအတွက် တရားဥပဒေစိုးမိုးမှုအညွှန်းကိန်းအဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အောက်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်လျက်ရှိနေသည်။ အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၄၂ နိုင်ငံ၏ အကျင့်ပျက်ခြစားမှု၊ အစိုးရ၏ ပွင့်လင်းမှု၊ အခြေခံအခွင့်အရေး၊ လုံခြုံရေး၊ ရာဇဝတ်ဆိုင်ရာ တရားစီရင်မှု စသောအချက်များအပါအဝင် အချက်ပေါင်း ၈ ချက်ကို အမှတ်ပေးကာ ကမ္ဘာ့အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ရမှတ်ပေါင်း ၀ ဒသမ ၃၅ မှတ်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု အညွှန်းကိန်းရမှတ်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက တဖြည်း ဖြည်း လျော့နည်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်၏ ရမှတ်သည် နောက်ဆုံး ၈ နှစ်အတွင်း အနည်းဆုံးဖြစ်နေကြောင်း World Justice Project (WJP) အဖွဲ့က ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွက် တရားဥပဒေ စိုးမိုးမှု ကမ္ဘာ့အညွန်းကိန်းအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံရရှိခဲ့သော ရမှတ်သည် ပြီးခဲ့သော နှစ်နှင့် နှိုင်းယှဉ်လျှင် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် တရားဥပဒေစိုးမိုးမှု ကမ္ဘာ့အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် ရမှတ် ၀ ဒသမ ၃၆ မှတ် ရရှိခဲ့ဖူးကြောင်း သိရသည်။ အာဆီယံဒေသတွင်းနိုင်ငံများအနက် တရားဥပဒေစိုးမိုးမှုအရှိဆုံးနိုင်ငံများ စာရင်းတွင် စင်ကာပူနိုင်ငံက ရမှတ် ၀ ဒသမ ၇၈ မှတ်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ထိပ်ဆုံး ငါးနိုင်ငံအတွင်း ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် အဆိုပါအညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် ရမှတ် ၀ ဒသမ ၃၁ မှတ်သာရရှိခဲ့ပြီးကမ္ဘာနိုင်ငံပေါင်း ၁၄၂ နိုင်ငံထဲတွင် အဆင့် ၁၄၁ နေရာတွင်ရပ်တည်နေသလို အာဆီယံဒေသတွင်းနိုင်ငံများထဲတွင်လည်း အောက်ဆုံးနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Ref; WJP

Leave a Reply

Your email address will not be published. Required fields are marked *