October 22, 2024

၁၅.၁၁.၂၀၂၂

Written by Thettant

ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာ လမ်းခွဲ၌ မော်တော်ယာဉ်တစ်စီး မိုင်းထောင်ဖောက်ခွဲခံရ၍ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တမ်းရပ်ကွက်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာသို့ မွေးနေ့ပွဲသွားရောက်ရန် မိတ်ဆွေများခေါ်ဆောင်၍ Light Truck အမျိုးအစား မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ငါန်းဇွန်မြို့နယ်၊ တံတားဦး- မြင်းခြံသွား ကားလမ်း၊ မင်းနေကုန်းကျေးရွာလမ်းခွဲသို့ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်အချိန်၌ရောက်ရှိစဉ် PDF များက လမ်း၏ ဝဲဘက်ခြမ်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပြီး၊ ၅ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဥ်၌ ယာဥ်ပေါ်တွင် ယာဥ်မောင်းသူ ဦးဇေယျာမြင့်အပါအဝင် အမျိုးသားလေးဦးနှင့် အမျိုးသမီးရှစ်ဦး လိုက်ပါစီးနင်းလာခဲ့ပြီး Light Truck ယာဉ်သည် အခင်းဖြစ်ရာအရောက်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအနက် မစန္ဒာအောင် (၁၉) နှစ်သည် မိုင်းစထိမှန်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး မောင်လမင်းခန့် (၁၃) နှစ်၊ ဒေါ်နီ (၈၂) နှစ်၊ ဒေါ်ဝင်း (၆၄) နှစ်၊ ဒေါ်လှလှဝင်း (၄၇) နှစ် နှင့် ဒေါ်သန်းလှ (၅၀) နှစ်တို့ ၅ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးပြီး သေဆုံးအလောင်းနှင့် ဒဏ်ရာရသူများအား ဆေးကုသမှု ခံယူနိုင်ရေး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ကြောင်းနှင့် ထိုကဲ့သို့ စစ်ရေး ပစ်မှတ် မဟုတ်သည့် ပြည်သူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *