October 19, 2024

၂၇. ၁၀. ၂၀၂၃
Written By Treasure

အောက်တိုဘာ ၂၆ ရက် ညပိုင်းက ၂၀၂၃-၂၄ AFC Cup အုပ်စု(F)ရဲ့ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် မြန်မာနောက်ခံလူ စိုးမိုးကျော် ခြေစွမ်းပြကစားနေတဲ့ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းနဲ့ ဩစတြေးလျကလပ် မက္ကာသာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဖနွမ်းပင်ခရောင်းအသင်းက အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းတို့ကို အနိုင်ယူပြီး ပုံစံကောင်းတွေပြသနိုင်ခဲ့တဲ့ ဖနွမ်းပင်ခရောင်းအသင်းဟာ အုပ်စုအတွင်း အင်အားအတောင့်ဆုံးအသင်းဖြစ်တဲ့ ဩစတြေးလျကလပ် မက္ကာသာအသင်းနဲ့ပွဲစဉ်မှာ မြန်မာနောက်ခံကစားသမား စိုးမိုးကျော်အပါအဝင် အသင်းရဲ့အဓိကကစားအများစုနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_13-56-24.jpg

ဩစတြေးကလပ် မက္ကာအသင်းနဲ့ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းတို့ရဲ့ ခြေစွမ်းဟာ ကွာဟမှုကြီးမားတာကြောင့် ဖနွမ်းပင်ခရောင်းအသင်းအနေနဲ့ ခံစစ်အနေထားနဲ့သာ ယှဉ်ပြိုင်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်မှုးတွေရဲ့ အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ပထမပိုင်းပြီးဆုံးချိနိမှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ‌ မက္ကာအသင်းဟာ ကစားအားကျလာခဲ့သလို အမှားတွေလည်းများခဲ့တာကြောင့် ဖနွမ်းပင်အသင်းအနေနဲ့ အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်၊ ၈၆ မိနစ်နဲ့ ထပ်ဆောင်းအချိန်ပို ၃ မိနစ်တို့မှာ အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့အတွက် ပွဲပြီးဆုံးချိန်မှာ ဖနွမ်းပင်ခရောင်းအသင်းက ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_13-56-26.jpg

ဩစတြေးလျကလပ်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပက်သက်ပြီး ဖနွမ်းပင်ခရောင်းအသင်းက မြန်မာနောက်ခံလူ စိုးမိုးကျော်ကတော့ “လေ့ကျင့်ချိန် ၈ ရက်လောက်ပျက်ကွက်ခဲ့ပေမယ့် ယုံယုံကြည်ကြည်နဲ့ပွဲထွက်ခွင့်ပေးခဲ့တဲ့ နည်းပြကိုကျေးဇူးတင်ပါတယ်။ ဒီအသင်းနဲ့ ပထမဆုံး AFC စတင်ပီးကစားခဲ့တာပါ။ PlayOff နဲ့ဆို ငါးပွဲရှိပြီး ၄ပွဲ Cleans Sheet ရခဲ့ပါတယ်။ ကျွန်တော်ရဲ့မှတ်တမ်းကောင်းလေးတစ်ခုကို ဆက်ထိန်းသွားပါ့မယ်။ ဩစတေးလျအသင်းကတော်တော်အသင်းကောင်းပါ။ ကျွန်တော်တို့က သူတို့ထက်အလုပ်ပိုလုပ်ခဲ့လို့အနိုင်ရရှိတာပါ။ ဒီပွဲကိုလာအားပေးတဲ့ကမ္ဘောဒီးယား Fan တွေကို အထူးကျေးဇူးပါ။ ကျွန်တော့်ကို အားပေးနေတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကိုလည်းကျေးဇူးတင်ပါလို့ သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

၂၀၂၃-၂၄ AFC Cup အုပ်စု(F)ရဲ့ အုပ်စုပွဲစဉ် ၃ပွဲကစားပြီးချိန်မှာ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းဟာ ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ရရှိထားပြီး လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ AFC Cup ဒုတိယအကျော့ပွဲစဉ်အဖြစ် ဩစတြေးလျကလပ် မက္ကာသာအသင်းနဲ့ အဝေးကွင်းမှာ ထပ်မံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *