October 19, 2024

၂၇.၁၀.၂၀၂၃
Photo and News – Peya

ပြည်သူ့ရင်ပြင်တွင် သုံးရက်တာကျင်းပမည့် သီတင်းကျွတ် စျေးရောင်းပွဲတော်ကို ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း ၈ နာရီအချိန်တွင် စတင်ဖွင့်လှစ်လိုက်ကာ စျေးရောင်းပွဲတော်နှင့်အတူ ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည် ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အဆိုပါပွဲကို အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ဆောင်ရွက်ထားခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-27_13-04-31-2-1024x576.jpg

“ဆိုင်ခန်းပေါင်း ၅၀၀ လောက် ခင်းကျင်းပြသသွားကြမှာ ဖြစ်ပါတယ်။ ပွဲတော်မှာ ထူးခြားချက်ကတော့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ ရေထွက်ပစ္စည်း ပြခန်း ၂ ခန်းနဲ့ ဆိုင်ခန်း ၃၀ ပါဝင် ပြသသွားမှာပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ပွဲတော်တွင် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို) တို့ပူးပေါင်း၍ တင်ဆက်မည့်အစီအစဉ်များဖြင့် ကျင်းပမည်ဖြစ်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-27_13-04-32-2-1024x576.jpg

ထို့ပြင် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ခေတ်ပေါ် DJ၊ Dancer အကအလှများလည်း ပါဝင်မည်ဖြစ်ကာ စျေးဆိုင်ခန်းများ၊ မီးထွန်းပွဲတော်ဆင်ယင်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စျေးရောင်းပွဲတော်သို့ လာရောက်သူများအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအရှေ့တွင် ယာယီမှတ်တိုင်ထားပေးမည် ဖြစ်သကဲ့သို့ ပွဲတော်ကာလ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ နေ့စဉ် ညပိုင်း ၉ နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်အတွက် YBS 21၊ လှိုင်သာယာမြို့နယ်အတွက် YBS 61၊ မင်္ဂလာဒုံမြို့နယ်အတွက် YBS 37၊ မြောက်ဥက္ကလာပမြို့နယ်အတွက် YBS 116၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွက် YBS 62၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွက် YBS 7၊ သာကေတမြို့နယ်အတွက် YBS 4 တို့ကို မူရင်းလမ်းကြောင်းအတိုင်း ပြေးဆွဲရာမှ ပြည်သူရင်ပြင်မှတ်တိုင်ကိုလည်း ထည့်သွင်းကာ အဆိုပါ မှတ်တိုင်သို့ ညပိုင်း ၉ နာရီခွဲအရောက် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *