October 19, 2024

လက်ရှိတွင် မြို့ပေါ်ဒေသများကို ထိန်းသိမ်းထားနိုင်ပြီး ခြေကုပ်လမ်းကြောင်းများကို ဆက်လက်ရှင်းလင်းနေဟု ဆို

၂၇. ၁၀. ၂၀၂၃
Written by Zaw Moe

ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် သိန္နီ ဒေသများသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ချင်းရွှေဟော်မြို့တွင်းရှိ ဟိုတယ်သို့ ဝင်ရောက်ကာ ဝန်ထမ်းနှင့် အရပ်သားများကို “၀” ဒေသသို့ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် “၀” အထူးဒေသတာဝန်ရှိသူများနှင့် ဆက်သွယ်ပြီး ဖမ်းဆီးခံရသည့် ပြည်သူများ ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီမနက်မှာတော့ ချင်းရွှေဟော်ရယ်၊ လောက်ကိုင်ရယ်၊ ကွမ်းလုံ၊ သိန္နီ နားလေးမှာ တိုက်ပွဲတွေဖြစ်တာရှိတယ်။ ချင်းရွှေဟော်နားလေးကတော့ ကျွန်တော်တို့ ဖောင်ဆိပ်တို့၊ ကာဗားတံတားတို့ အဲဒီနားလေးမှာ တိုက်ပွဲဖြစ်တာရှိတယ်။ မနက် ၄ နာရီလောက်မှာ။ အဲဒီမှာ ကျွန်တော်တို့ ဒရုန်းတွေနဲ့ Drop Bomb ချပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တာမျိုးရှိတယ်။ အခုလောလောဆယ်မှာတော့ ဖောင်ဆိပ်နဲ့ ကာဗားတံတားနားလေးက ရဲနဲ့တပ်လုံခြုံရေးအဖွဲ့တွေ ကျဆုံးခဲ့တာရှိတယ်။ ချင်းရွှေဟော်မြို့ထဲကို ဝင်ပြီးတော့ကျ ဦးပယ်ဆောက်ချိန် ယခင်တုန်းက ကျွန်တော်တို့ လောက်ကိုင်အထူးဒေသရဲ့ ခေါင်းဆောင် ဦးပယ်ဆောက်ချိန် ဟိုတယ်ကိုဝင်ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးပြီးတော့ကျ အမှတ် (၁) “၀”ဒေသထဲကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။ “ဝ” ဒေသနဲ့ ဆက်သွယ်ပြီး အဲဒီအရပ်သားတွေ ပြန်လွှတ်ဖို့ပြောနေတာရှိတယ်။ လားရှိုးနားလေးမှာတော့ လားရှိုးရဲ့အရှေ့ဘက် နှစ်နေရာလောက်မှာတော့ TNLA နဲ့ AA ပူးပေါင်းအဖွဲ့လို့ယူဆရတဲ့ အဲဒီအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတာရှိတယ်။ အခုလောလောဆယ် အခြေအနေကတော့ ချင်းရွှေဟော်နဲ့ ကွမ်းလုံကြားထဲမှာရှိတဲ့ နေရာတွေမှာ MNDAA အဖွဲ့တွေအနေနဲ့ နေရာယူထားတာရှိတယ်။ ချင်းရွှေဟော်က နယ်စပ်မြို့ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့အနေနဲ့တော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို တစ်ဖက်နိုင်ငံ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ လုံခြုံရေးအရ လုပ်ရကိုင်ရတာတွေတော့ ကန့်သတ်ချက်တွေရှိတယ်။ နယ်စပ်ဒေဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆောင်ရွက်နေတာရှိတယ်။ မြို့ပေါ်အခြေအနေကတော့ ထိန်းသိမ်းနိုင်ပြီဖြစ်တယ်။ သို့သော် လမ်းကြောင်းမှာရှိတဲ့ ဒီကောင်တွေနေရာယူထားတဲ့ နေရာတွေကိုတော့ ဆက်လက်ရှင်းလင်းဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက Yangon Media ၏ မေးမြန်းမှုတွင် ဖြေကြားထားသည်။

အေက်တိုဘာ ၂၇ ရက် (ယနေ့)မှစကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် စစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို က ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်မှစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တိုက်ပွဲများပြင်းထန်နေပြီး မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မြို့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ပုံစာ။ ယနေ့ဖြစ်ပွားသည့် ရှမ်းမြောက်တိုက်ပွဲဖြစ်စဥ်မြင်ကွင်းများ (Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *