October 19, 2024

ပုံစာ - တိုက်ပွဲမဖြစ်မီကာလများက ချင်းရွှေဟော်နယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တွေ့ရစဉ်။

၂၇. ၁၀. ၂၀၂၃
Written by Nyein Kyaw

ယနေ့ မနက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းခဲ့ပြီး ဖုန်းလိုင်းများနှင့် လျှပ်စစ်မီးများပါ ပြတ်တောက်နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်

“ဘာမှမမေးနဲ့တော့ ဒီမှာတိုက်ပွဲဖြစ်နေတယ်။ ဘာမှလုပ်မရဘူး။ မမေးနဲ့တော့နော်။ အခုကုန်သွယ်ရေးက အရေးမကြီးဘူး။ ဖုန်းလိုင်းလည်း မကြားရဘူး။ မီးလည်းမရှိဘူး” ဟု ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အောက်တိုဘာလ ၂၇ ရက် (ယနေ့)တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် စစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်မှစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တိုက်ပွဲများပြင်းထန်နေပြီး မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မြို့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

လားရှိုးမြို့နယ်မှစ၍ မြန်မာ-တရုတ်နယ်စပ် ပြည်ထောင်စုလမ်းမှကြီးအား ပိတ်ထားပြီး ချင်းရွှေဟော်မြို့တွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *