October 19, 2024

၂၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းနယ်မြေအတွင်းရှိ အမေရိကန်စစ်စခန်းများတိုက်ခိုက်ခံရအပြီး၌ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အီရန်က ထောက်ပံ့အကူအညီပေးနေသော စစ်သွေးကြွစခန်းနှစ်ခုကို အမေရိကန်လေတပ်က အောက်တိုဘာ ၂၆ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများပြုခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက် အော်စတင်က ကြေညာချက်တစ်စောင်၌ ပြောခဲ့သည်။ အမေရိကန်စစ်စခန်းများအား မောင်းသူမဲ့လေယာဉ်တစ်စီးနှင့် ဒုံးပျံများဖြင့် စစ်သွေးကြွတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြေညာချက်တွင် ထိုစစ်သွေးကြွစခန်းများကို အီရန်အစ္စလာမ္မစ်တော်လှန်ရေးတပ်ဖွဲ့နှင့် ၎င်းနှင့်ဆက်စပ်အုပ်စုများကအသုံးပြုနေခြင်းဟု ပြောခဲ့သည်။ လွိုက် အော်စတင်ကလေကြောင်းတိုက်ခိုက်မှုများပြုရန် သမ္မတ ဂျိုးဘိုင်ဒန်ကအမိန့်ပေးခဲ့ခြင်းဟုပြောခဲ့ပြီး အီရန်အနေဖြင့် အမေရိကန်တပ်ဖွဲ့များအားတိုက်ခိုက်မှုတွင် အဓိကပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခဲ့သည်။

အမေရိကန်လေတပ်မှ အက်ဖ် ၁၆ လေယာဉ်နှစ်စီးက အီရတ်နယ်စပ်အနီး အီရန်ပိုင်နက်အတွင်းရှိ ဘိုကာမယ်လ်မြို့အနီးမှ လက်နက်နှင့်ခဲယမ်းများ သိုလှောင်ရာစစ်သွေးကြွစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဟုလည်း ကြေညာချက်တွင်ပြောခဲ့သည်။ထိုနေရာများက အီရတ်ကိုဖြတ်လျက် အီရန်နှင့် ဆီးရီးယား(သို့မဟုတ်)လက်ဘနွန်တို့အကြား လက်နက်များလွှဲပြောင်းရာလမ်းကြောင်းလည်း ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်လေတပ်တာဝန်ရှိသူများက ထိုစခန်းများတွင် အီရန် ထောက်ခံသောစစ်သွေးကြွများနှင့် အီရန် အစ္စလာမ္မစ်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများသာရှိကြပြီး အရပ်သားများမရှိကြောင်းပြောခဲ့သည်။ သို့သော် ၎င်းက သေကြေပျက်စီးမှု(သို့မဟုတ်) ဖျက်စီးနိုင်မှု ပမာဏကို သုံးသပ်ပြောကြားခြင်း မရှိခဲ့ပေ။

ထိုစခန်းများတွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးတပ်ဖွဲ့က လက်လွှဲသိုလှောင်ပေးထားသော လက်နက်ခဲယမ်းများကို ဒေသအတွင်း အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောခဲ့သည်။

Ref—–The Times of Israel, CNN

Leave a Reply

Your email address will not be published. Required fields are marked *