October 22, 2024

၁၄. ၁၁. ၂၀၂၂

Written by Nay Moe

ဗကသဟောင်း ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်း၏ မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ သေဆုံးစေရန် ဗုံးခွဲမှုဖြစ်စဥ်ကျုးလွန်ခဲ့သည့် အင်းစိန်အကျဉ်းထောင်ဖောက်ခွဲမှုတရားခံအချို့ ဖမ်းမိခဲ့ပြီဖြစ်ကြောင်း SAC က ယမန်နေ့ညတွင် ကြေညာသည်။

အင်းစိန်အကျဥ်းထောင်ကို STA က ဗုံးခွဲ၍ ကိုဂျိမ်းမိခင် အမေကြည်အပါအဝင် သေဆုံးသူ ၈ ဦးအလောင်းကို အင်းစိန်ထောင်က ပြန်ထုတ်ပေးရာ သေဆုံးသူရှစ်ဦးမှာ ကျည်ထိမှန်သေဆုံးခြင်းမဟုတ်ဘဲ ဗုံးဆံထိမှန်ဒဏ်ရာများဖြင့် သေဆုံးခြင်းသာဖြစ်ကြောင်း သိရပြီးနောက် NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများက STA အား အရေးယူမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေဖြတ်တောက်မည်ဖြစ်ကြောင်း၊ ကန့်ကွက်ရှုတ်ချကြောင်းကြေညာခဲ့သည်။

အဆိုပါဖြစ်စဥ်တွင် ထောင်ဝန်ထမ်းသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ နိုင်ငံရေးအကျဥ်းသားများ၏ မိခင်များအပါအဝင်ငါးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဥ်အား တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ အင်းစိန်အကျဥ်းထောင်အား ဗုံးခွဲသည်ဟု ဝန်ခံထားသည့် STA အဖွဲ့ဝင် ကောင်းထက် (ခ) ဖိုးစီ၏ ဇနီး ချမ်းမြေ့သူ(ခ)ဂျုးဂျုးကို ဖမ်းမိခဲ့ပြီးနောက် စစ်မေးချက်အရ ကောင်းထက်(ခ) ဖိုးစီကို ဖမ်းမိခဲ့သည်။

ကောင်းထက်၏ ထွက်ဆိုချက်အရ အင်းစိန်ထောင်ကို ဗုံးခွဲရန်ခိုင်းစေသူများ ၎င်းကို STA အဖွဲ့ထံ ထည့်ပေးသည့် စွန်ရဲအမည်ခံအမျိုးသမီးဖြစ်ပြီး အင်းစိန်ထောင်ဖောက်ခွဲမှုကို စွန်ရဲအမည်ခံအမျိုးသမီးချိတ်ဆက်ပေးသည့် ကျော်ဟိန်းနှင့် လုပ်ဆောင်ကာ ဂျုးဂျုးက မှတ်တမ်းတင်ပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကောင်းထက်က ပါဆယ်လက်လုပ်ဗုံးထည့်ထားသည့် ပါဆယ်ဗုံးထုပ်တစ်ထုပ်အား အမှိုက်ပုံးပေါ်ချခဲ့ကာ ကျော်ဟိန်းကိုင်ဆောင်လာသည့် ပါဆယ်လက်လုပ်ဗုံးနှစ်ထုပ်ကို လူဝင်လူထွက်နေရာနှင့် ပါဆယ်လက်ခံသည့်နေရာတွင်ချထားပြီး ဖောက်ခွဲရာ လူဝင်လူထွက်နေရာမှ ဗုံးမှာပေါက်ကွဲမှုမရှိကြောင်း အဆိုပါဖြစ်စဥ်ကို ဂျုးဂျုးက ဗီဒီယိုရိုက်ကာ စွန်ရဲထံပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အပြင် ကောင်းထက်သည် STA ခိုင်းစေချက်အရ သင်္ဃန်းကျွန်းလဝကရုံးမှ ဦးစီးမှူး ဦးဝင်းနိုင်ထွေးနှင့် ဒုဦးစီးမှူး ဦးကျော်မိုးတို့ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုတွင်လည်း ပါဝင်ခဲ့ကြောင်း သိရပြီး လက်ရှိတွင် STA အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *