September 16, 2024

အမေရိကန်၏ လိုလားချက်မှာ တရုတ်နိုင်ငံကို ထိန်းချုပ်ရေးဖြစ်သလို ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာမရရှိခဲ့သည့်အတွက် ကဏ္ဍပေါင်းစုံ မငြိမ်သက်အောင် ဆောင်ရွက်နေ

အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ကူညီနေဟုပါ ပြော

၂၆. ၁၀. ၂၀၂၃
Written by Nyein Kyaw

မြန်မာ့နိုင်ငံ‌ရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။

မြန်မာနှင့် အမေရိကန်သည် ရန်ဘက်နိုင်ငံများမဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့‌တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊ သို့သော် ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအားရန်သူသဖွယ် သဘောထားခြင်းမှာ ကြီးမားသော နောက်ခံအကြောင်းအရင်းရှိကြောင်း SAC  ဥက္ကဋ္ဌက ပြောကြားသည်။ 

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့ မဖြစ်အောင် ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့်အကြောင်းအရာပင်ဖြစ်ကြောင်း၊ ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သောအုပ်စု၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စုအာဏာရရှိ‌ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြစ် ကူညီနေကြောင်း SAC  ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သောနိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်း SAC  ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံသည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စများ၌ ငွေကြေးစနစ်တစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေးစနစ်အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့လည်း ဆောင်ရွက်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC  ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *