September 19, 2024

၂၆. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ချက်သမ္မတနိုင်ငံမှာ ယခုရက်သတ္တပတ်တစ်ပတ်အတွင်း ပြည်သူထောင်ပေါင်းများစွာတို့က ကောင်းကင်ယံမှကျလာတဲ့ ဒေါ်လာငွေစက္ကူများကို လိုက်လံကောက်ယူကာ ရှာဖွေကြမှုတစ်ရပ်ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်ကို ချက်ရုပ်ရှင်ဒါရိုက်တာ၊မင်းသား၊ ရင်းနှီးမြှုပ်နှံသူနဲ့ ဩဇာလွှမ်းမိုးမှုကြီးမားသူတစ်ဦးဖြစ်တဲ့ ကာမီးလ်ဘာတိုဆက်က ပြုလုပ်ခဲ့တာလို့ သိရပြီး သူက အမေရိကန်ဒေါ်လာတစ်သန်း(ယူရို ၉၄၀,၀၀၀/ မြန်မာငွေကျပ် သိန်း ၃၃၀၀၀ ခန့်)ကို ချက်နိုင်ငံ Lis မြို့ပေါ်မှာ ရဟတ်ယာဉ်တစ်စီးပေါ်ကနေ ကြဲချခဲ့တာလို့လည်း သိရပါတယ်။

ဒီလိုကြဲချတဲ့ဒေါ်လာတွေက သူပြုလုပ်ထားတဲ့ကံစမ်းမဲ အစီအစဉ်အနိုင်ရရှိသူအတွက် ရည်ညွှန်းတယ်လို့လည်း ဆိုပါတယ်။ ဘာတိုဆက်ကို စင်မြင့်ပေါ်မှာပရိသတ်က ကတ်ဇ်မာ(Kazma) လို့ ပိုသိကြပါတယ်။ သူက ကံစမ်းမဲအစီအစဉ်တစ်ရပ် စက်တင်ဘာလက လုပ်ခဲ့ရာမှာ အမေရိကန်ဒေါ်လာငွေတစ်သန်းကို ကုန်သေတ္တာတစ်ခုထဲ သော့ခတ်ထည့်ပြီး အဲဒီကုန်သေတ္တာကိုလည်း သူရဲ့ရုပ်ရှင်ကားအတွင်းက ဖော်ယူရရှိမယ့် လျှို့ဝှက်စာနဲ့သာ ဖွင့်နိုင်မှာပါ။ ဩဂုတ်လအကုန်ကစလို့ သူ့ရဲ့ ရုပ်ရှင်ကားကိုပြသခဲ့ပါတယ်။

ဒါပေမယ့် ရုပ်ရှင်ကားကြည့်ရှုသူ ဘယ်သူကမှ လျှို့ဝှက်စာကို မဖော်နိုင်ခဲ့ကြပါဘူး။ ဒီမှာ ဘာတိုဆက်က ကံစမ်းမဲအစီအစဉ်မှာပါဝင်ဖို့ လက်မှတ်ထိုးထားသူများအကြား ဆုငွေကို နှစ်ပိုင်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက် ယခုရက်သတ္တပတ်အတွင်းမှာပဲ လူ ၁၀၀,၀၀၀ ထံ နံနက်ခင်းတစ်ခုမှာဒေါ်လာတွေကို ဘယ်နေရာဘယ်အချိန်မှာ ရဟတ်ယာဉ်ပေါ်က ကြဲချမယ်ဆိုတာ အီးမေးလ်က အကြောင်းကြားခဲ့ပါတယ်။ ဒီမှာ လူ ၄,၀၀၀ ခန့်စုဝေးမိခဲ့တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်က ပြသနေတဲ့ဗီဒီယိုတွေမှာတော့ လူအများအပြားက ကွင်းပြင်တစ်ခုကိုဖြတ်ပြေးကာ သူတို့ရဲ့ အိတ်တွေ၊ကျောပိုးအိတ်တွေထဲ ကောက်ယူရရှိတဲ့ ဒေါ်လာတွေကိုထည့်နေကြတာတွေ့ရမှာပါ။ ငွေစက္ကူတိုင်းမှာလည်း အွန်လိုင်းပလက်ဖောင်း လင့်ခ်ဆက်သွယ်မှု QR ကုဒ်နံပတ် ပူးတွဲပါရှိပြီး ရရှိသူများက ထိုလင့်ခ်မှတဆင့် လှူဒါန်းမှုပြုနိုင်ကြမှာပါ။

ရဟတ်ယာဉ်ပေါ်က ပိုက်ဆံကြဲပွဲ အခမ်းအနားကို ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဆရာဝန်တွေ၊ လုံခြုံရေး အလုပ်သမားတွေက တက်ရောက်စောင့်ကြပ်ပေးခဲ့ကြပြီး ဝင်ရောက်စွက်ဖက်မှုတော့မပြုခဲ့ကြပါဘူး။

ကံစမ်းမဲအစီအစဉ်မှာပါဝင်နေတဲ့ ဘာတိုဆက် ရဲ့ “Onemanshow: The Movie” ရုပ်ရှင်ကားကို ချက်နိုင်ငံ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုသူ ၂၉၀,၀၀၀ ရှိခဲ့ပြီး အအောင်မြင်ဆုံးသောရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ခဲ့ရပါတယ်။

Ref—vijesti.me

Leave a Reply

Your email address will not be published. Required fields are marked *