MT News
၂၆. ၁၀. ၂၀၂၃
ဖားကန့်မှာ မြန်မာသူရကျောက်စိမ်းကုမ္ပဏီမှာ တပ်စွဲထားတဲ့ လခရတပ်တွေကို KIA နဲ့ PDF ဝင်တိုက်အပြီး လူသူကင်းမဲ့သွားချိန်မှာ ဒေသခံတွေက ကျောက်စိမ်းတွေဝင်ရောက်သယ်ယူမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ္မဖြစ်မှော်မှာရှိတဲ့ မြန်မာသူရကျောက်စိမ်းကုမ္ပဏီမှာ တပ်စွဲထားတဲ့ လခရတပ်ကို အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီခန့်ကစတင်ပြီး KIA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကနဦးသိရပါတယ်။
မြန်မာသူရကျောက်စိမ်းကုမ္ပဏီပိုင်ရှင် ကိုကျော်သူရဟာ PDF ထောက်ပို့မှုနဲ့ ၂၀၂၂ ဩဂုတ်လမှာ ဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး ဖားကန့်က ကျောက်စိမ်းလုပ်ကွက်မှာ တပ်စွဲထားခဲ့တာပါ။ တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး လခရတပ်တွေ တပ်စွဲထားမှုက ဆုတ်ခွာသွားလို့ လူမရှိချိန်မှာ ရေမဆေးသမားတွေနဲ့ ဒေသခံတွေက ကျောက်စိမ်းတွေဝင်ယူကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“ညက တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး အသေအပျောက်ရှိတယ်လို့ သတင်းကြားရတယ်။ မနက်လင်းတော့ ဘယ်သူမှမရှိချိန် ကျောက်တွေဝင်သယ်ကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
MT News တွေ့မြင်ရတဲ့ ရုပ်သံတစ်ခုမှာတော့ ကုမ္ပဏီဝင်းတစ်ခုထဲကို ဆိုင်ကယ်တွေ၊ ကားတွေနဲ့လူတွေက အပြေးအလွှားဝင်ရောက်ပြီး ကျောက်စိမ်းလို့ယူဆရတဲ့အထုပ်တွေသယ်ယူလာတာမြင်ရပါတယ်။
လက်ရှိအချိန်မှာတော့ တပ်က ပြန်လည်ရောက်ရှိလာပြီး အခြေအနေထိန်းသိမ်းနေတယ်လို့လည်း သိရပြီး ဒီဖြစ်စဥ်ကို MT News သတင်းဌာနက အသေးစိတ်ဆက်လက်စုံစမ်းနေပါတယ်။
Video Credit