October 22, 2024

MT News ကလက်ခံရရှိထားသည့် ငွေကြေးအရှုပ်တော်ပုံတိုင်ကြားစာတစ်ခုတွင် ငွေထုတ်မရသည့် ချက်လက်မှတ်ဖြင့် စပါးဖိုးငွေ သိန်း ၃၀၀ နီးပါးပေးချေထားသည်ကို တွေ့ရစဉ်

MT News

Written by A Thaung

ငွေကြေးအရှုပ်တော်ပုံ မကြာခဏဖြစ်ပွားသည့် ဆန်စပါးအရောင်းအဝယ်ကိစ္စများတွင် ငွေထုတ်မရသည့် ချက်လက်မှတ်ဖြင့် ငွေပေးချေမှုများရှိနေကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းက သိရသည်။

ကုမ္ပဏီ၊ ကုန်သည်နှင့် ဝယ်ရောင်းများအကြားတွင် ငွေကြေးဆုံးရှုံးမှုများနှင့် ငွေကြေးလိမ်လည်မှုများ နည်းလမ်းပေါင်းစုံဖြင့်ကြုံတွေ့နေရပြီး ငွေမရှိသည့်ဘဏ်အကောင့်ဖြင့် ချက်လက်မှတ်ရေးကာ စပါးဖိုးငွေပေးချေသည်အထိ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက MT News ကိုပြောသည်။

“ငွေတစ်သောင်းရှိရင် ဘဏ်အကောင့်ဖွင့်လို့ရတာပဲ။ ဒီတော့ ဘဏ်စာအုပ်လုပ်ပြီး ငွေမထည့်ဘဲ စပါးဖိုးငွေ သိန်းရာနဲ့ချီပြီး ချက်လက်မှတ်နဲ့ချေတာတွေ ဖြစ်တာပေါ့။ အခုတလောမှာ ငွေကြေးအရှုပ်တော်ပုံက မကြာမကြာဖြစ်နေတယ်။ ဘုရင့်နောင်မှာဆိုရင်လည်း ခဏခဏ တိုင်စာတွေ ရောက်လာတယ်။ သိန်းကတော့ ရာချီ၊ ထောင်ချီတွေချည်းပဲ” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

MT News မှ ဆန်စပါးလုပ်ငန်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံ မေးမြန်းစုံစမ်းကြည့်ရာ စပါးဖိုးငွေချေသည့် ချက်လက်မှတ်မှာ ငွေထုတ်မရသည့်လက်မှတ်ဖြစ်ကြောင်း အချိန် ငါးလကြာမြင့်မှ သိရသည့်ဖြစ်ရပ်များလည်းရှိကြောင်း၊ အချို့ဖြစ်ရပ်များမှာ ဘဏ်ပိတ်ရက်အကြောင်းပြ၍ လိမ်လည်မှုများရှိနေကြောင်း သိရသည်။

“အဓိကကတော့ ဆန်ဈေးထက် စပါးဈေးက ပိုကောင်းနေတော့ ကိုယ်တိုင်မခွဲနိုင်တဲ့ကုန်သည်တွေ ရှုံးကြတာပဲ။ ဒီလိုဖြစ်နေတော့ ငွေကြေးအရှုပ်အထွေးက ပိုများလာမှာပဲ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန်စပါးအရောင်းအဝယ် ငွေပေးချေရာတွင် လိမ်လည်မှုများဖြစ်ပေါ်လျှင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်များသို့ တိုင်ကြားကြောင်း ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုလအတွင်း တရုတ်နိုင်ငံသားပိုင်ဆိုင်သည်ဟုဆိုသည့် ဆန်ကုမ္ပဏီတစ်ခုက ငွေကျပ်သိန်းပေါင်းတစ်သိန်းကျော် လိမ်လည်ထွက်ပြေးမှုဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *