November 14, 2024
photo_2023-10-26_15-43-37

၂၆. ၁၀. ၂၀၂၃
Written by Peya

မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် ရုရှား ခရီးသွားနယ်ပယ်မှ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ထင်ရှားသောနေရာများသို့ လည်ပတ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံက အောက်တိုဘာ ၂၆ ရက်တွင် သိရသည်။

ယခု FAM Trip ခရီးစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ် ၄၃ ဦးတို့ပါဝင်ပြီး ၎င်းတို့အထဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို၊ ဗလာဒီဗော့စတော့၊ နိုဗိုစီဗစ်နှင့် ဆိုက်ဘေးရီးယား၊ အီတာရင်ဘတ် အစရှိသော ဒေသများမှ ခရီးသွားကုမ္ပဏီများနှင့် မီဒီယာများမှ ကိုယ်စားလှယ်များပါဝင်ကာ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်၍ အမှတ်တရ ပန်းစည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ- ရုရှားချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်း၍ “Welcome Russia Program in Myanmar” အစီအစဉ်ကို မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခု FAM Trip ခရီးစဉ်တွင် လိုက်ပါလာသူများသည် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်အစရှိသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး ဒေသအလိုက် ခရီးသွားဆွဲဆောင်မှုများနှင့် အတွေ့အကြုံများ၊ ရိုးရာအစား အစာများကို မြည်းစမ်းကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလည်ပတ်နိုင်ရန် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး- ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Myanmar Airways International -MAI)က စက်တင်ဘာ ၅ ရက်က စတင်ပြီး ပျံသန်းပြေးဆွဲလျက်ရှိသောကြောင့် FAM Trip ကို လိုက်ပါသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်များရေးဆွဲရာတွင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏ သာယာအေးချမ်းမှု၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်မှု၊ စိတ်ဝင်စားဖွယ်ကောင်းသော ခရီးစဉ်ဒေသများအကြောင်းကို ရုရှားခရီးသွား ဧည့်သည်များထံ သတင်းစကား ပြန်လည်မျှဝေပေးစေလိုကြောင်း ကြိုဆိုသည့် အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *