၂၆. ၁၀ ၂၀၂၃
Written by Ye Kyaw
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များ သွားလာနေမှုကို Command Centre မှ ထိန်းချုပ်သည့် (Telematics) စနစ်ကို အသုံးပြုသွားမည်ဖြစ်၍ မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင် ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြေညာထားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဓိကထိန်းချုပ်ရေး အချက်အလက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ အမြန်လမ်းထိန်းချုပ်ရေးရုံးခန်းအား ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၁/၅ နှင့် ၂၀၁/၆) ကြားရှိ စီလမ်းဆုံတွင်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ခရီးသည်တင်ကားတွေအတွက်ပဲ။ ဒေတာအချက်အလက်ပင်မကို ဆောက်လုပ်ရေးရုံးမှာ ထားရမယ်ထင်တယ်။ ဟိုင်းဝေးလမ်းမှာတစ်ခု။ ကျွန်တော်တို့ အခုရုံးခန်းမှာ စင်တာလုပ်ဖို့ တစ်ခုလုပ်ဖို့ရှိတယ်။ စီလမ်းဆုံ ညွှန်မှူးရုံးမှာ မြောက်ဘက်ဝန်းထဲမှာ ရုံးခန်းတစ်ခန်းကို စင်တာလုပ်ဖို့ဆိုပြီးလုပ်နေတယ်” ဟု တင်ဒါကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တင်ဒါတင်သွင်းမည့်ကုမ္ပဏီများအနေဖြင့် ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ အမြန်လမ်းကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်၊ စီလမ်းဆုံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တင်ဒါလျှောက်ထားမည့် ကုမ္မဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ Profile၊ အသုံးပြုမည့် Telematics စနစ်၏ နိုင်ငံတကာဝန်ဆောင်မှုအတွေ့အကြုံ အနည်းဆုံး ၅ နှစ်နှင့်အထက်၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်၊ မြန်မာနိုင်ငံတွင် စမ်းသပ်ထားသော နမူနာမှတ်တမ်းများ၊ အသုံးပြုမည့်ပစ္စည်းနမူနာ၊ စနစ်၏ လုပ်ဆောင်မှုအသေးစိတ် (မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့်)၊ အလုံးစုံပါဝင်သည့် ဝန်ဆောင်မှုအဆိုပြုပုံစံ၊ ကုမ္ပဏီမှတပ်ဆင်သုံးစွဲမည့် ကိရိယာ (Devices) များ၏ ထုတ်လုပ်သည့် မူရင်းနိုင်ငံ (Country Origin)၊ ဈေးနှုန်းအဆိုပြုလွှာ (မြန်မာကျပ်ငွေဖြင့်) စသည့်အချက်များကို ပူးတွဲတင်ပြရမည်ဖြစ်သည်။