၂၆. ၁၀.၂၀၂၃
Written By Thandar
ဖြစ်ရပ်မှန် တစ်ခေတ်တစ်ခါက ဆိုးသွမ်းလှတဲ့ လူမိုက်တွေ အကြောင်း ပုံဖော်ထားတဲ့ “တစ်ခါက ရန်ကုန်မြို့ပြ” ရုပ်ရှင်ဇာတ်ကား Press Show ကို အောက်တိုဘာ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး တစ်ခေတ်တစ်ခါက ရန်ကုန်မြို့ရဲ့ လူနေမှူ စရိုက်ကို ပေါ်လွင်အောင် ဖန်တီးထားတယ်လို့ သိရပါတယ်။
“ဒီကားမှာ အဓိက ပြချင်တဲ့ ထောင်ဇာတ်ဝင်ခန်းအတွက် တိရစ္ဆာန်ရုံထဲက ကျားလှောင်အိမ်ထဲမှာ သက်စွန့်ဆံဖျား သွားရိုက်ခဲ့ရတယ်။ ဒါပေမယ့် ထောင်ထဲမှာ သီချင်းဆိုခွင့်မရှိဘူးဆိုတဲ့ အချက်နဲ့ ဆင်ဆာ ဖြတ်ခံထိခဲ့တာ စိတ်မကောင်းစရာပါဘဲ။ လက်ခလယ်ထောင်ပြတာတွေ အကုန်ဖြတ်ပါတယ်။ စောက် ဆိုတဲ့စကားတွေ ဆင်ဆာဖြတ်ခံခဲ့ရပါတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ညိုမင်းလွင်နဲ့ သားထိုက်တို့ကရေးသားထားပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ လူမင်း ၊ တိုင်ရွန် ၊ ဘုဏ်းသိုက်၊ ညီထွဋ်ခေါင် ၊ စွမ်း ၊ ကောင်းမြတ်စံ ၊ အောင်လေး၊ မိုးဟေကို ၊ ဘေဘီမောင်၊ ဖုန်းသီရိကျော်၊ ထူးခြား ၊ မင်းခ၊ ဇွဲနိုင်ဝင်း တို့နဲ့ ၂၀၁၇ ခုနှစ်က အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကား Press Show အခမ်းအနားမှာတော့ ဒါရိုက်တာ ညိုမင်းလွင်က ဇာတ်ဝင်ခန်းလိုအပ်ချက်အရ ဘာတစ်ခုမှ မမေးဘဲ အောင်လေး ၊ ကောင်းမြတ်စံ ၊ ဖုန်းသီရိကျော်တို့ ၃ ယောက် လာကူညီဖြည့်ရိုက်ပေးခဲ့တယ်။ ဖြည့်ရိုက်ပေးပြီးနောက်ပိုင်းမှာ ရုပ်ရှင်ကားရုံတင်ခါနီး နောက်ဆုံး Edit မှာ စိတ်မကောင်းစွာဘဲ သူတို့ ၃ယောက်ရဲ့အခန်းတွေ ပြန်ဖြတ်ထုတ်လိုက်ရပါတယ်။ သူ့တို့ ၃ ယောက်ရဲ့ ဇာတ်ဝင်ခန်းတွေက ဇာတ်ကားအဖွင့် ၅ မိနစ်စာသာပါဝင်နေခဲ့ပါတယ်လို့ ပရိသတ်ရှေ့မှာ ဝန်ခံပြောဆိုပါတယ်။
“ကျွန်တော်ရဲ့ ပထမဦးဆုံး ကင်မရာရှေ့ကို စရောက်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ Movie ဆိုလည်း ဟုတ်ပါတယ်။ ရိုက်ကူးရေး စလုပ်တယ်။ ပထမကားလေးဖြစ်ပါတယ်။ ကိုညိုက ကျွန်တော် မော်ဒယ်လ် ဘဝလေးပဲရှိသေးတယ်။ ကျွန်တော့်ကို နေရာတစ်ခုပေးပြီးတော့ ယုံကြည်စွာရိုက်ကူးပေးလို့လည်း ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်က ဆိုတော့ ဓာတ်ပုံတစ်ပုံရိုက်ပြီး ဓာတ်ပုံဆရာဆီက ဓာတ်ပုံကို မရသလိုဖြစ်နေတယ်။ ဒီ ဓာတ်ပုံကို အရမ်းကိုကြည့်ချင်နေပါတယ်။ အသက်ကြီးမှ ကိုယ့်ပုံကိုယ်ပြန်ကြည့်ရတော့ မိုက်ပါတယ်။ ဒီပုံလေးက ရှေးဟောင်းပစ္စည်းလေးဖြစ်နေတာပေါ့။ ဒီကားကြည့်ခွင့်ရလို့ စိတ်လှုပ်ရှားပါတယ်”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
“တစ်ခါက ရန်ကုန်မြို့ပြ “(Once Upon A Time In Yangon) ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂၇ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။