October 19, 2024

၂၆. ၁၀. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး အက်ရှင်ရုပ်ရှင်ကြယ်ပွင့်နဲ့ ကာယဗလသမားတစ်ဦး ဖြစ်ခဲ့တဲ့ မင်းသားကြီး အာနိုး (Arnold Schwarzenegger) ဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေသာမရှိခဲ့ရင် အမေရိကန်မှာ သမ္မတကောင်းတစ်ယောက်ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတ ဝင်ပြိုင်ဖို့ဆို မွေးကတည်းက အမေရိကန်မှာနေတဲ့ နိုင်ငံသားဖြစ်ဖို့လိုပြီး မင်းသားကြီးအာနိုးကတော့ သြစတြီးယားကနေ အမေရိကန်ကို ပြောင်း ရွှေ့လာခဲ့တာကြောင့် သမ္မတလောင်းဖြစ်ခွင့်မရှိပါဘူး။

အဲ့ဒါကြောင့် အာနိုးက “ငါ ကောင်းမွန်တဲ့ သမ္မတ ဖြစ်အောင် လုပ်နိုင်မယ်လို့ ခံစားရတယ်။ အမေရိက,က ငါ့ကို အခွင့်အရေးတွေ အများကြီးပေးခဲ့ပြီး အမေရိကန်ပြည်သူတွေက အရမ်းလက်ခံခဲ့ကြတယ်။ အဲ့ဒီမှာ ငါ့အောင်မြင်မှုကို ဟန့်တားနိုင်တဲ့သူ မရှိဘူး။ ဒါပေမဲ့ ငါမလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ သမ္မတလောင်းဖြစ်ပြီး အဲ့ဒါအတွက် ငါ တိုင်ကြားမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

သူဟာ အသက် ၁၉ နှစ်အရွယ်မှာ သြစတြီးယားနိုင်ငံကနေ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ ကမ္ဘာကျော် ကာယဗလသမားတစ်ဦးဖြစ်ဖို့ အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့သူပဲ ဖြစ်သလို လက်ရှိမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး တစ်ချိန်က နာမည်ကြီး Terminator ရုပ်ရှင်တွေရဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်ခဲ့တဲ့ မင်းသားကြီး အာနိုးကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သေးတာပါ။

ဒါ့အပြင် သူဟာ လာမယ့် ၂၀၂၄ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ အရင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြား ပြိုင်ဆိုင်မှုဖြစ်နိုင်ခြေရှိတဲ့အပေါ် အတွေးအမြင်တချို့ရှိခဲ့ပြီး သူတို့နှစ်ယောက်က သမ္မတနေရာက အလုပ်တွေအတွက် အသက်ကြီးလွန်းနေပြီလို့ထောက်ပြခဲ့ပါတယ်။

မင်းသားကြီး အာနိုးက လူငယ်မျိုးဆက်သစ်တွေ နေရာရဖို့အတွက် သူတို့ဟာ နိုင်ငံရေးရာထူးတွေကနေ နုတ်ထွက်ဖို့ အချိန်တန်ပြီလို့ အကြံပြုခဲ့ပြီး “အမေရိကန်မှာ တကယ့်လူငယ်သွေးသစ်တွေ ရှာတွေ့ဖို့ပဲ မျှော်လင့်ပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; Variety

Leave a Reply

Your email address will not be published. Required fields are marked *