October 19, 2024

AA က ဖမ်းခေါ်သွားစဥ် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးရမှု မိသားစုကို ခေါ်ရှင်းပြဟု ဆို

၂၆.၁၀.၂၀၂၃
Written by Peya

ပြန်လည်ရန်ပြုလာသူ ဆိုးသွမ်းသားကို သတ်မိ၍ နှလုံးရောဂါဖောက်ကာ သေဆုံးခဲ့ရသူ ရောဂါသည်ဖခင်အို၏ နာရေးအခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း MT News သတင်းဌာနက ဒေသခံများကို ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ညပိုင်း ၈ နာရီ မိနစ် ၂၀ ခန့်က အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ ကိုအောင်မင်းသန်းက တစ်အိမ်တည်းနေသည့် အစ်မကို ဆဲဆိုကာ လည်ပင်းညှစ်သောကြောင့် ဖခင်ဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဦးအောင်မင်းစိန်က ဝင်ရောက်ဟန့်တားရာ မလိုက်နာသည့်အပြင် ဖခင်ကိုပါ လုံးထွေး သတ်ပုတ်ခဲ့သဖြင့် ဖခင်က ကက်ကြေးဖြင့် ထိုးရာ ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ည ၁၁ နာရီလောက်မှာ AA က ဖမ်းခေါ်သွားတာပါ။ အသက်ကြီးလို့ လက်ထိပ်ခတ်မသွားဘူး ပြောပါတယ်။ သူက နှလုံးနဲ့ သွေးတိုးရောဂါ အခံရှိတယ်။ သားနဲ့ သတ်ပုတ်ထားရလို့ ရင်ဘတ်အောင့်တယ်လို့ ပြောတယ်။ အရင်ကလည်း ၂ ခါလောက် သားက သူ့ကို ရိုက်ဖူးတော့ ဒီတခါမှာတော့ ရှက်သွားတာကြောင့် လုပ်တာဖြစ်မယ်။ ချုပ်ထားတဲ့ နေရာမှာ အောက်တိုဘာ ၂၅ ရက် မနက်အစော ၁ နာရီနဲ့ ၂ နာရီကြား အပေါ့ ၂ ခါ ခွင့်တောင်းပြီး သွားတယ်။ မနက် ၆ နာရီကျော်မှာ အပေါ့၊ အလေးသွားဖို့ နှိုးတဲ့အခါ ထိန်းသိမ်းထားတဲ့ အခန်းထဲ မှောက်ခုံ အနေအထားနဲ့ သေဆုံးနေတာ တွေ့ရတာပါ” ဟု ဒေသခံတစ်ဦးက သိရသော အချက်အလက်ကို MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ULA/AA တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် သေဆုံးသူ၏ မိသားစုကိုခေါ်ယူပြီး ဖြစ်စဉ်ကို ရှင်းပြခဲ့ကာ မိသားစုများဘက်က ယခင်ကလည်း နှလုံးရပ်သည့် ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားတတ်ကြောင်း ပြန်လည် ပြောပြခဲ့သည်ဟု သိရသည်။

ဦးအောင်မင်းစိန်၏ အလောင်းကို အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း ၁ နာရီ မိနစ် ၅၀ အချိန်တွင် လွှဲပြောင်းပေးခဲ့ရာ ညနေပိုင်း ၃ နာရီခွဲ အချိန်တွင် လောင်းကြက်ရွာ သုဿာန်၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *