October 19, 2024

၂၆. ၁၀. ၂၀၂၃
Written by Nay Aung

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သော အာဏာအငြင်းပွားမှုများကြောင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် အခက်အခဲ အဟန့်အတားများဖြင့် ရင်ဆိုင်နေရသည့်အတွက် မြန်မာနိုင်ငံရှိ ကလေးငယ်မျိုးဆက် ပညာသင်ကြားခွင့်ဆုံးရှုံးနိုင်သည့် အန္တရာယ်များဖြင့် တွေ့ကြုံရဖွယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်သည် ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအတွင်း အချက်အလက်ဒေတာများကို ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ်ပေါင်း ၃၀၆ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၈၅၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ပြီးခဲ့သောရက်ပိုင်းတွင် “A generation of children are at risk of learning losses in Myanmar” အမည်ရှိ ဆောင်းပါးကိုဖော်ပြခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ အစိုးရစာသင် ကျောင်းများကို ရက်ပေါင်း ၅၃၂ ရက်ကြာ ပိတ်ပင်ခဲ့ပြီး အာဆီယံနှင့် အရှေ့အာရှပစိတ်ဒေသရှိ နိုင်ငံများထဲတွင် ကျောင်းပိတ်မှု အချိန်အကြာဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-26_13-15-11-1024x576.jpg

အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် SAC သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းများကိုပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားခဲ့သော်လည်း သင်ကြားရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် ဆရာ၊ ဆရာမ ၃၀ ရာခိုင်နှုန်းနီးပါးက CDM လှုပ်ရှားမှုပါဝင်ခဲ့ရာ မြန်မာနိုင်ငံရှိ ကလေးငယ်အများစုသည် သုံးနှစ်ခွဲကျော်ကြာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအများစုတွင်ကျောင်းသားများ ကျောင်းအပ်ခဲ့သော် လည်း မြန်မာနိုင်ငံတွင် ကျောင်းအပ်နှုန်းကျဆင်းနေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။ ကမ္ဘာ့ဘဏ်၏ဖော်ပြချက်များအရ မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်က အသက် ၆ နှစ်နှင့် အသက် ၂၂နှ စ်အရွယ်ကြားရှိ ကလေး၊ လူငယ်ဦးရေ ကျောင်းအပ်မှုက ၆၉ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၅၆ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။ ကျောင်းပြန်မအပ်မှုသည် အကြောင်းအမျိုးမျိုးရှိနေသော်လည်း ကျောင်းကာလအတန်ကြာပိတ်ထားမှု၊ မိသားစုဘဏ္ဍရေးအခက်ခဲများ စသောအချက်များက အဓိကအကြောင်း ဖြစ်နေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-26_13-15-14.jpg

မြို့ပြနှင့်ကျေးလက်တွင်လည်း ကျောင်းပြန်အပ်နှံမှုနှုန်း များစွာကွာဟနေပြီး ငွေကြေးပြည့်စုံသောမိသားစုများ၏ ကျောင်းအပ်နှံမှုက ငွေကြေးမပြည့်စုံသော မိသားစု၏ သားသမီးများကျောင်းအပ်နှံမှုထက် ပိုမိုမြင့်တက်နေကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။ ထို့အပြင်ကျောင်းထွက်ရသော ကလေးလူငယ်များအတွက် ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး ပြန်လည်ကုစားရေးအစီအမံများလည်း နည်းပါးနေခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။

သင်ယူမှုရလဒ်များ ဆုတ်ယုတ်လာမှုနှင့်အတူ လူစွမ်းအားအရင်းအမြစ်၏မျိုးဆက်များ ဆုံးရှုံးသွားနိုင်သောအန္တရာယ်မျိုးများရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။ ဆင်းရဲသောကလေးငယ်နှင့် ပညာတတ်မဟုတ်သောအိမ်ထောင်စုများမှ ကလေး၊ လူငယ်များ၏ ကျောင်းအပ်နှံမှုသည် ချမ်းသာပြည်စုံသောကလေး၊ ပညာတတ်မိသားစုမှ ကလေးငယ်လူငယ်များနှင့်နှိုင်းယှဉ်လျှင် ကျောင်းမအပ်မှု၊ ကျောင်းထွက်ရမှု ပိုများနေကြောင်း သိရသည်။ ကမ္ဘာဘဏ်၏လေ့လာမှုစစ်တမ်းများရ ထိခိုက်လွယ်သော အိမ်ထောင်စုများမှ ကလေး၊ လူငယ်များ၏ ကျောင်းထွက်ရမှုနှုန်းသည် ပိုမိုမြင့်တက်ဖွယ်ရှိနေသည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။

Ref; Worldbank

Leave a Reply

Your email address will not be published. Required fields are marked *