၂၆. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
မန်ချက်စတာယူနိုက်တတ်အသင်းမှာ ၁၂ နှစ်ကြာ ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့ပြီးနောက် ဆက်လက် သက်တမ်းတိုးချုပ်ဆိုခြင်းမပြုဘဲ အသင်းကထွက်ခွာသွားခဲ့တဲ့ ဂိုးသမားဒေဗစ် ဒီဂီယာကို မန်ချက်စတာ ယူနိုက်တတ်အသင်းက ပြန်လည်ခေါ်ယူဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းက အသင်းနဲ့ စာချုပ်သက်တမ်းထပ်မတိုးတော့ဘဲ ထွက်ခွာသွားခဲ့တဲ့ ဒေးဗစ် ဒီဂီယာကို ခြောက်လထက်နည်းမယ့် ကာလတိုသက်တမ်းတစ်ခုအတွက် ပြန်လည်စာချုပ်ချုပ်ဆိုခေါ်ယူဖို့ စဉ်းစားနေတာလို့လည်း သတင်းတွေက ဆိုပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ စပိန်ဂိုးသမား ဒေဗစ်ဒီဂီယာက မန်ယူအသင်းအတွက် ၁၂ နှစ်တာကာလအတွင်း ပွဲပေါင်း ၅၄၅ ပွဲကစားပေးခဲ့ပြီး ဇူလိုင်လက အသင်းနဲ့ အဆင်မပြေ ထွက်ခွာရမှုအပေါ် ကစားသမားတချို့ကလည်း စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
မန်ယူအသင်းရဲ့ လက်ရှိဂိုးသမား ကင်မရွန်းနိုင်ငံသား အန်ဒရီ အိုနာနာဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ဇန်နဝါရီလကျရင် အသင်းကို ခေတ္တခွဲခွာရမှာပါ။ အဲဒီအချိန်မှာ အသင်းရဲ့ တခြားသော ဂိုးသမားတွေအဖြစ် တွမ်ဟေတန်နဲ့ အယ်လ်တေ ဘာရင်ဒါ တို့ရှိပေမဲ့ နှစ်ဦးစလုံးက ဒီဘောလုံးရာသီမှာ ပွဲထွက်ကစားခြင်းမပြုကြရသေးပါဘူး။
ဒီတော့ကာ အိုနာနာက အာဖရိကဖလားအတွက် သွားကစားနေတုံးမှာ မန်ယူအနေနဲ့လည်း တော့တင်ဟမ်အသင်းနဲ့အပါအဝင် ကစားပွဲ ရှစ်ပွဲလောက်ရှိနေပါတယ်။ ဒါကြောင့်လည်း အသင်းအတွက် အတွေ့အကြုံရှိ ဂိုးသမားအနေနဲ့ တကယ်လို့များ ဒေးဗစ် ဒီဂီယာက အဓိကအသင်းကြီးတစ်သင်းရဲ့ အဆိုပြုကမ်းလှမ်းချက်မျိုးကို လက်မခံရသေးရင် သူ့ကို ယာယီကာလအတွက် ပြန်လည်ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စဉ်းစားနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒေးဗစ်ဒီဂီယာအနေနဲ့ရော မန်ယူအသင်းကို ပြန်လာလိုစိတ် ရှိမရှိ မသေချာသေးပါဘူး။ အဓိက အချက်တစ်ချက်ကတော့ အိုနာနာအနေနဲ့ အာဖရိကဖလားကပြန်လာခဲ့ရင် သူ့အနေနဲ့ အရံဂိုးသမားနေရာမှာပဲ နေရတော့မှာမို့လို့ပါ။ ဒီတော့ကာ မန်ယူရဲ့ အတွေ့အကြုံရင့်ဂိုးသမားဟောင်းကြီးကို အသင်းက ဘယ်လိုပုံစံနဲ့ပြန်ခေါ်မလဲ မန်ယူပရိသတ်တို့က စိတ်ဝင်စားဖွယ်စောင့်ကြည့်နေကြပါတယ်။
Ref—– Mirror.uk