၂၆. ၁၀. ၂၀၂၃
Written by Peya
စစ်ကိုင်းတွင် ရေဆင်းကူးသူ ညီအစ်မ ရေနစ်ရာ အစ်မကြီး ဖြစ်သူသေဆုံးပြီး ညီမကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်းမှ တာဝန်ရှိသူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း ၉ နာရီ အချိန်က စစ်ကိုင်းမြို့၊ တာဝါတိုင်ဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသက် ၁၃ နှစ်အရွယ် အစ်မကြီးဖြစ်သူ သေဆုံးပြီး ညီမဖြစ်သူကို ပြန်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
“သူတို့ ပြောပြတာပေါ့နော်။ ကောင်မလေးနှစ်ယောက်မှာ အမေလည်း ပါတယ်။ ညီအစ်မနှစ်ယောက်က ရေချိုးတာပေါ့။ သူတို့က အလုပ်မရှိတော့ စျေးမှာ ပိုက်ဆံတောင်းတာပေါ့နော်။ အငယ်မလေးကို ကယ်နိုင်တယ်။ အကြီးမလေးကို မကယ်နိုင်ဘူးပေါ့။ အသက်ရှင်သွားတဲ့ အငယ်မလေးက ၁၂ နှစ်ပါ။ ၉ နာရီခွဲမှာ အလောင်းကို ပြန်ရပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွင် ရေနက်ကာ အဆိုပါနေရာတွင် ရေနစ်မှုများ ဖြစ်ပွားတတ်ပြီး ရေဆင်းကူးရာက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူက ဆိုကြောင်းလည်း ၎င်းက ရှင်းပြသည်။