October 19, 2024

၂၆. ၁၀. ၂၀၂၃
Written by Nay Moe

ဇနီးမောင်နှံစုံတွဲ နှစ်စုံတွဲမှာ အောက်တိုဘာ ၂၃ ရက် တစ်နေ့တာအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ အောက်တိုဘာ ၂၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နေ ဦးဝဏ္ဏကျော် (၄၃)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ထက်ထက်အောင်(၃၀)နှစ်နှင့်အတူ ယာဉ်အမှတ် AYY-15-2M/ 1379 Light Truck အဖြူရောင်မော်တော်ယာဉ်ဖြင့် ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် ကားလမ်းမိုင်တိုင်အမှတ် ၃၂ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားအရောက် KNU နှင့် PDF တို့ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

ထို ပေါက်ကွဲခဲ့မှုကြောင့် မော်တော်ယာဉ်၏ ရှေ့မှန်၊ ဝဲဘက်တံခါးနှင့် ကားအမိုးများမိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဦးဝဏ္ဏကျော်တွင် ဝဲမေးရိုး၊ လည်ပင်းမိုင်းစ ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ မထက်ထက်အောင်တွင် ဦးခေါင်းထိပ်ဖူးရောင်ဒဏ်ရာတစ်ချက်တို့ရရှိခဲ့၍ ဆေးကုသနိုင်ရေး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထားဝယ်ဈေးရပ်ကွက်နေ ဦးထွန်းနိုင်ဝင်း(၅၀)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာထွေး (၅၀)နှစ်တို့သည် စစ်ကိုင်းမြို့တွင်းမှ ၎င်းတို့၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့ လမ်းဘေး၌ ကံ့ကော်၊ သပြေပန်းများထည့်ထားသည့် ပလပ်စတစ်ခြင်းတစ်လုံးအား တွေ့ရှိသဖြင့် ဆိုင်ကယ်အား ရပ်တန့်ကာ ဒေါ်ဥမ္မာထွေးက ပလပ်စတစ်ခြင်းအား ဖယ်လိုက်စဉ် ခြင်းအတွင်းမှ PDF အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် ဒေါ်ဥမ္မာထွေးတွင် မျက်နှာပေါက်ပြဲ၊ ယာလက်ချောင်းများကြေမွ၊ ယာခြေထောက်ဒူးအထက်မှပြတ်ထွက်၊ ဝဲခြေသလုံးကြေမွဒဏ်ရာများ၊ ဦးထွန်းနိုင်ဝင်းတွင် ယာပါးမှ ခြေထောက်ထိ ခန္တာကိုယ် တစ်ခြမ်းလုံးမိုင်းစထိမှန်များရရှိခဲ့၍ ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *