October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Pan Ei

မကြာသေးမီက ထရပ်ကားတစ်စီးထဲက ကြောင် ၁,၀၀၀ လောက်ကို တရုတ်ရဲတွေက ကယ်ဆယ်နိုင်ခဲ့တာကြောင့် အစားအစာဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ ကြောင်သားတွေကို ဝက်သားနဲ့ သိုးသားတွေအဖြစ် လိမ်လည်ရောင်းချတဲ့ တရားမဝင်ရောင်းဝယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို ရပ်တန့်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဂျင်စူပြည်နယ်က အရာရှိတွေဟာ တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းပေးချက်အရ ဖမ်းဆီးခံထားရတဲ့ ကြောင်တွေကို စုဆောင်းသယ်ယူရာမှာ အသုံးပြုတဲ့ ယာဉ်တစ်စီးကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းစာ The Paper က ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်နိုင်ခဲ့တဲ့ ကြောင်တွေကို ဝက်သားနဲ့ သိုးသားတုတ်ထိုးတွေအပြင် ဝက်အူချောင်းတွေအဖြစ် ပြုလုပ်ဖို့ နိုင်ငံရဲ့ တောင်ပိုင်းကို တင်ပို့နိုင်ဖွယ်ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပြီး ကြောင်တွေကို အနီးနားရှိ ဂေဟာတစ်ခုကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို တရားမ၀င် လိမ်ညာရောင်းဝယ်မှုတွေမှာ ကြောင်သားကို သိုးသားနဲ့ ဝက်သားအဖြစ် တစ်ပေါင်ကို ၄ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး အရင်ကလည်း တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ် Guangdong မှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ အရင်ကလည်း စားနပ်ရိက္ခာ ဘေးကင်းရေး အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး မကြာသေးမီက ပျံ့နှံ့သွားခဲ့တဲ့ အစားအသောက်အရှုပ်တော်ပုံတစ်ခုမှာတော့ ကောလိပ်တစ်ခုက ကျွေးတဲ့ အစားအစာမှာ ကြွက်ခေါင်းတစ်ခေါင်းကို တွေ့ရှိခဲ့ပြီးနောက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေကတော့ အဲ့တာဟာ ဘဲလည်ပင်းတစ်ပိုင်းသာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တွေကို ထိန်းညှိကာကွယ်ဖို့ ဥပဒေတွေရှိပေမဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ ခွေးလေခွေးလွင့်တွေနဲ့ ကြောင်တွေအတွက် ရက်စက်ကြမ်းကြုတ်ခံရမှုတွေကို ကာကွယ်ဖို့ ပစ်မှတ်ထားတဲ့ ဥပဒေတော့ မရှိပါဘူး။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *