October 22, 2024

၁၄. ၁၁. ၂၀၂၂

Written By A Thaung

Tesla ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အီလွန်မက်စ်တစ်ယောက် ဆိုရှယ်မီဒီယာပလက်ဖောင်း Twitter ကိုဝယ်ပြီးတဲ့နောက်မှာတော့ မော်တော်ကားကုမ္ပဏီတွေဟာ Twitter မှာ ကြော်ငြာနေတဲ့ သူတို့ရဲ့ကြော်ငြာတွေအတွက် စိုးရိမ်စိတ်ဝင်လာကြပါတယ်။အီလွန်မက်ခ်ဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ဝယ်ယူလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရုံးအဖွဲ့ကို အကြီးအကျယ်ပြင်ဆင်လိုက်ပါတယ်။ ကြိုတင်အသိပေးအကြောင်းကြားတာမျိုးတွေမရှိဘဲ ဝန်ထမ်း ထောင်ကျော်ကို အလုပ်ထုတ်ပယ်လိုက်ပါတယ်။ နောက်တစ်ချက်ကတော့ အခကြေးငွေပေးရတဲ့ Blue Mark တွေကိုလက်ခံခဲ့ပြီး ရက်ပိုင်းအတွင်း အဲဒီအစီအစဉ်ကိုပယ်ဖျက်လိုက်တဲ့အတွက် မော်တော်ကားကုမ္ပဏီတွေက Twitter အပေါ် ယုံကြည်ချက်နည်းလာခဲ့ပါတယ်။အသုံးပြုရတာ ရှုပ်ထွေးသွားတဲ့ ပုံစံသစ်ကြောင့်ပဲ ကားကုမ္ပဏီတွေဟာ Twitter မှာ ကြော်ငြာရတာကို ရက်ပိုင်းအတွင်း သဘောမတွေ့ကြတော့ပါဘူး။ ဒါကြောင့်လည်း ကုမ္ပဏီအများစုက စောင့်ကြည့်နေကြသလို တချို့မော်တော်ကားကုမ္ပဏီတွေကတော့ လက်ရှိကြော်ငြာတွေကို ယတိပြတ်ရပ်ဆိုင်းလိုက်ကြပါတယ်။ဆိုရှယ်မီဒီယာပလက်ဖောင်းကနေတစ်ဆင့် ကိုယ့်ရဲ့ထုတ်ကုန်တွေကို ဖောက်သည်တွေဆီ အရောက်ပို့တဲ့နည်းလမ်းကို သုံးနေကြတဲ့ကုမ္ပဏီတွေဟာ လက်ရှိအချိန်မှာ အခြားနည်းလမ်းကိုသုံးဖို့ ပြင်ဆင်လာကြပါတယ်။ Twitter မှာ ကုမ္ပဏီတွေက လုံးဝမကြော်ငြာတော့တာမျိုးမဟုတ်တော့ဘဲ ကြော်ငြာခအသုံးစရိတ်ကို လျော့ချပစ်လိုက်တာမျိုး လုပ်ဆောင်လာပါတယ်။

ပထမဆုံးလမ်းခွဲသွားတဲ့ General Motor

လုံးဝမကြော်ငြာတော့တဲ့ ကုမ္ပဏီတွေထဲမှာတော့ Car Buzz ကနေတဆင့် ကြော်ငြာနေတဲ့ မော်တော်ကားကုမ္ပဏီလေးခုပါ။ ဒီအထဲမှာမှ General Motor ကတော့ အီလွန်မက်စ် ပိုင်ဆိုင်ပြီးတဲ့နောက် Twitter မှာ ပထမဆုံးကြော်ငြာရပ်ပစ်လိုက်တဲ့ မော်တော်ကားကုမ္ပဏီပဲဖြစ်ပါတယ်။“မီဒီယာပလက်ဖောင်းတစ်ခုက သိသာထင်ရှားတဲ့အပြောင်းအလဲနဲ့အတူ စီးပွားရေးကို ပုံမှန်အတိုင်းပဲ လုပ်စေချင်တယ်။ ကျွန်တော်တို့ဘက်ကတော့ အဲဒီမှာ အခပေးကြော်ငြာတာတွေကို ယာယီရပ်ထားလိုက်ပါပြီ”လို့ General Motor တာဝန်ရှိသူတွေက CNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။General Motor အနေနဲ့ အီလွန်မက်စ်လက်ထက်မှာ Twitter ရဲ့မူဝါဒတွေကို အရင်ကအတိုင်းထားဖို့လိုအပ်လိမ့်မယ်လို့ သတိပေးစကားပြောဆိုထားပါတယ်။ General Motor ရဲ့ဆုံးဖြတ်ချက်အပြီးမှာ အီလွန်မက်စ်က သူတို့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ စိတ်ချလက်ချကြော်ငြာကြဖို့ ထုတ်ဖော်ပြောဆိုလာရတဲ့အထိ ဖြစ်သွားပါတယ်။

နောက်ထပ်လမ်းခွဲလာကြတဲ့ ကားကုမ္ပဏီတွေ

General Motor ကျောခိုင်းလိုက်ပြီး သိပ်မကြာခင်မှာပဲ Volkswagen ကားကုမ္ပဏီက သူတို့အနေနဲ့ Twitter မှာသုံးစွဲနေတဲ့ အခပေးကြော်ငြာတွေကို ရပ်ဆိုင်းထားတယ်လို့ ဆိုလာပါတယ်။ Volkswagen အမှုဆောင်အရာရှိချုပ်က Reuters နဲ့တွေ့ဆုံမေးမြန်းခန်းမှာ တခြားကားကုမ္ပဏီတွေဖြစ်တဲ့ Lamborghini ၊ Audi ၊ Porsche နဲ့ Bentley တို့ကို Twitter မှာ အခပေးကြော်ငြာတာတွေမလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။“ကျွန်တော်တို့ကတော့ သူတို့ရဲ့ မူဝါဒနဲ့ အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ အဲဒီစောင့်ကြည့်တဲ့ကာလမှာ သူတို့ရဲ့အခြေအနေတိုးတက်လာတာတွေကိုကြည့်ပြီး နောက်ထပ်အဆင့်တွေကို ဆုံးဖြတ်မှာပါ” လို့ Volkswagen အမှုဆောင်အရာရှိချုပ်က သတိပေးစကားဆိုထားပါတယ်။Volkswagen ပြီးတဲ့နောက်မှာတော့ နာမည်ကျော် တန်ဖိုးကြီးကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Audi ကလည်း သူတို့ရဲ့အခပေးကြော်ငြာတွေကို ရပ်ဆိုင်းထားတယ်လို့ ကြေညာလိုက်ပါတယ်။ဒီလိုကားကုမ္ပဏီကြီးတွေအနေနဲ့ အခပေးကြော်ငြာတွေကို ရပ်ဆိုင်းလိုက်တာဟာ Twitter အတွက်တော့ ဝင်ငွေရပေါက်ရလမ်း နည်းသွားစေမယ့် အဓိကအချက်ပဲဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှုနဲ့အတူ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ ဝင်ငွေတွေဟာလည်း ကျဆင်းလာချိန်မှာ အီလွန်မက်စ်အတွက်ကတော့ ဒီပြဿနာအတွက် ခေါင်းခဲနေရပါပြီ။

Stellantis လည်း ရပ်ပြီ

Stellantis ကတော့ အခပေးကြော်ငြာတွေကို ခေတ္တရပ်တန့်လိုက်ကြောင်း ပြောလာတဲ့ ကားကုမ္ပဏီတွေထဲက နောက်ဆုံးတစ်ခုပဲဖြစ်ပါတယ်။ တန်ဖိုးကြီးဇိမ်ခံကားတွေကိုသာ ထုတ်လုပ်နေတဲ့ Stellantis ဟာ ကားအမျိုးအစားပေါင်းများစွာကိုထုတ်လုပ်နေတာကြောင့် သူတို့ဒီလိုလုပ်လိုက်တာဟာ အခြားကားကုမ္ပဏီတွေကိုလည်း ကြော်ငြာရပ်တန့်လိုက်ကြဖို့ တွန်းအားပေးနေသလို ဖြစ်နေပါတယ်။ “သူတို့ရဲ့ ခေါင်းဆောင်အသစ်အောက်မှာ လာမယ့်အစီအစဉ်တွေကို ကြိုတင်အသိပေးထားဖို့လိုပါတယ်။ ဒါတွေကို မသိရသေးသရွေ့ကတော့ ကျွန်တော်တို့ရဲ့ အခပေးကြော်ငြာတွေကို ခေတ္တရပ်တန့်ထားမှာပဲဖြစ်ပါတယ်” လို့ Stellantis ကြေညာထားပါတယ်။ အမေရိကန်က နာမည်ကျော်ကားအမှတ်တံဆိပ်တွေဖြစ်တဲ့ Dodge၊ Jeep၊ Ram၊ Peugeot၊ Alfa Romeo၊ Fiat တို့ဟာ Stellantis ရဲ့လက်အောက်ခံကားထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ်ကြပါတယ်။ ကားကုမ္ပဏီအများစုကတော့ Twitter ရဲ့ အနာဂတ်အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ကြမယ်လို့ ဆိုပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေက အီလွန်မက်စ်ဟာ Tesla ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်နေတာကြောင့် လုပ်ရတာမဟုတ်ဘူးလို့လည်း ငြင်းဆိုထားကြပါတယ်။ တကယ်လို့သာ Twitter ဟာ သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေကို အရင်ကထက်ကောင်းအောင် လုပ်လာနိုင်ရင်တော့ မကြော်ငြာတော့မဲ့ အခုအစီအစဉ်ကို ဖျက်သိမ်းပစ်ဖို့လည်း စီစဉ်ထားကြပါတယ်။

လုပ်ငန်းတူရင် ရန်သူလား

သုံးသပ်သူတွေကတော့ အီလွန်မက်စ်ဟာ နာမည်ကျော်လျှပ်စစ်ကားထုတ်လုပ်သူတစ်ယောက်ဖြစ်တာကြောင့် ကားကုမ္ပဏီတွေက အခုလိုဆုံးဖြတ်ကြတာလို့ ဝေဖန်ကြပါတယ်။ အထူးသဖြင့်ကတော့ ပထမဆုံး အခပေးကြော်ငြာရပ်မယ်လို့ ကြေညာလိုက်တဲ့ General Motor ကြောင့်လို့ ဆိုကြပါတယ်။အခြားကားကုမ္ပဏီတွေဟာ ဓာတ်ဆီနဲ့ ဒီဇယ်သုံးကားတွေကိုပဲ အဓိကထားထုတ်လုပ်နေကြတဲ့ ကုမ္ပဏီတွေဖြစ်တာကြောင့် သူတို့အနေနဲ့ အီလွန်မက်စ်နဲ့ Twitter တို့ရဲ့အပေါ်မှာ ခွဲခြားဆက်ဆံကြမယ်လို့ သုံးသပ်ကြပါတယ်။General Motor ကတော့ သူတို့ရဲ့အနာဂတ်မှာ လျှပ်စစ်ကားဈေးကွက်ကို ဦးဆောင်နိုင်ဖို့ပြင်ဆင်နေတဲ့အတွက် လုပ်ငန်းတူရင် ရန်သူလိုသဘောထားပြီး အခုလိုလုပ်တဲ့သဘောလို့လည်း စွပ်စွဲပြောဆိုကြပါတယ်။လက်ရှိအချိန်မှာ General Motor က အနာဂတ်လျှပ်စစ်ကားစီမံကိန်းအတွက် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတာကြောင့်လည်း သံသယဖြစ်စရာ ရှိနေပါတယ်။

ကျောခိုင်းသူနဲ့ ကျန်ခဲ့သူ

လက်ရှိအချိန်အထိကတော့ General Motor ၊ Stellantis ၊ Volkswagen နဲ့ Audi တို့လို နာမည်ကြီးကားကုမ္ပဏီတွေဟာ Twitter မှာအခပေးကြော်ငြာတာတွေကို ရပ်တန့်လိုက်ကြပေမယ့် သူတို့အားလုံးဟာ Twitter ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာ ဆက်ရှိနေကြဆဲဖြစ်ပါတယ်။

တခြားနာမည်ကြီးကားကုမ္ပဏီတွေဖြစ်တဲ့ Ford၊ Toyota၊ Honda နဲ့ BMW တို့ကတော့ အခပေးကြော်ငြာနဲ့ သူတို့ရဲ့ဈေးကွက်ကို အားကောင်းလာအောင် လုပ်ကိုင်နေကြဆဲပါပဲ။ Twitter ရဲ့ အပြောင်းအလဲတွေကို စောင့်ကြည့်နေတဲ့အချိန်ဖြစ်လို့ အချိန်မရွေး အပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ဆိုရှယ်မီဒီယာပလက်ဖောင်းဆိုတာကလည်း ကားကုမ္ပဏီတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါပဲ။

Source; MOTORTREND

Leave a Reply

Your email address will not be published. Required fields are marked *