October 19, 2024

၂၅. ၁၀. ၂၀၂၃
Written By Treasure

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Rizal Memorial Stadium မှာ မနက်ဖြန်(အောက်တိုဘာ ၂၆ ရက်) ယှဉ်ပြိုင်ကစားရမယ့် AFC Cup အဝေးကွင်းပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းကို အနိုင်ရရှိအောင် ကစားသွားမယ်လို့ ရှမ်းယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် ဦးဟန်ဝင်အောင်က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြုလုပ်ခဲ့တဲ့ AFC Cup ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရှမ်းယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် ဦးဟန်ဝင်းအောင်က “ပထမ ၂ ပွဲမှာ ရှုံးထားလို့ အခုပွဲက ကျနော်တို့ ရှမ်းအသင်းအတွက် Must Win ပွဲပါ။ ကစားကွက် ပြောင်းထားတယ်။ ပြိုင်ဘက်ကို ချဉ်းကပ်တဲ့ ဗျူဟာ ပြောင်းထားတယ်။ အစွမ်းအစရှိသလောက် သင်ပေးထားတယ်။ ကစားသမားတွေကလည်း အစွမ်းကုန် ကစားကြမယ်လို့ ယုံတယ်”လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆီဘူးအသင်းရဲ့ ပွဲတွေကိုလည်း ကြည့်ထားသလို မိမိတို့အသင်းကို ပို အန္တရာယ်ပေးနိုင်တဲ့သူဆိုတာ မရှိဘဲ ပွဲထဲမှာ ပါဝင်နေတဲ့ ကစားသမား ၁၁ ဦးစလုံးက အရေးကြီး‌ကြောင်းနဲ့ ပြိုင်ဘက်အသင်းက ဘယ်ကစားသမားမဆို ပွဲရလဒ်ကိုပြောင်းလဲနိုင်လို့ သတိထားကစားရမယ်လို့ ဦးဟန်ဝင်းအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ရှမ်းယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဓိကဂိုးသမား ကျော်ဇင်ဖြိုးတစ်ယောက် ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်ပေမယ့် အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ မြတ်ကောင်းခန့်ကို အင်ဒိုနီးရှားကလပ်အသင်းကို ပြောင်းရွေ့ခွင့်ပေးလိုက်တာကြောင့် ရှမ်းအသင်းရဲ့ ကွင်းလယ်တိုက်စစ်အပိုင်းမှာ အားနည်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂၀‌၂၃-၂၄ AFC Cup ပြိုင်ပွဲ အုပ်စု(F)ရဲ့ အုပ်စုပွဲစဉ် ၂ ပွဲကစားပြီးချိန်မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ဆီဘူးအသင်းတို့ဟာ ၂ ပွဲစလုံး ရှုံးနိမ့်ထားတာကြောင့် အမှတ်မရရှိသေးပါဘူး။

ဒါ‌ကြောင့် မနက်ဖြန်မှာ AFC Cup အဝေးကွင်းပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းဟာ အမှတ်စတင်ရရှိမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *