October 22, 2024

၁၄.၁၁.၂၀၂၂

Written by Phyo Wei

အပြန်အလှန်စွပ်စွဲသတ်ဖြတ်မှုတွေ၊ အပြန်အလှန်မီးရှို့နေကြရင်း ဟိုအဖွဲ့ကလုပ်တာ၊ ဒီအဖွဲ့ကလုပ်တာလို့ စွပ်စွဲမှုတွေပဲ ဆက်လက်ကြီးစိုးနေတဲ့ကြားမှာ ထုံးစံအတိုင်း သာမန်ပြည်သူတွေနဲ့ သံဃာတွေပဲ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရ၊ အိုးအိမ်ပျက်စီးရမြဲဖြစ်တဲ့ ဒီကာလကြီးမှာ နိုင်ငံရေးသုံးသပ်ချက်တွေဆိုတာ ရေးဖို့ခက်ပါတယ်။

တစ်ဖက်မှာကလည်း မြန်မာနိုင်ငံမပါဝင်ဘဲ အကြိမ် (၄၀) နဲ့ (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ပြန်လည်သုံးသပ်တာနဲ့ ဆုံးဖြတ်ချက်ချခဲ့တာတွေကို မြန်မာနိုင်ငံက ကန့်ကွက်ခဲ့တဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ Global Town Hall 2022 မှာ ပါဝင်ဖို့ စကားပြောဖို့ ခွင့်ပြုချက်ရပြီးမှ ပြန်ဖယ်ရှားခံလိုက်ရတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့ ဖြစ်စဉ်အကြောင်း၊ အကျဉ်းကျခံနေရတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပေးပါလို့ တောင်းဆိုကြတဲ့အခြေအနေတွေနဲ့ ရွေးကောက်ပွဲပျက်ဖို့အတွက် အာဆီယံကို လက်မခံဖို့တောင်းဆိုကြတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

နိုင်ငံတကာစင်မြင့်ပေါ်က ဖယ်ရှားခံရတဲ့ NUG ဝန်ကြီးနှစ်ဦး

“Sustaining Peace and Development in a Divided World” ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့တဲ့ Global Townhall 2022 အခမ်းအနားမှာ အမှာစကား ပြောကြားဖို့အတွက် NUG နိုင်ငံခြားရေးဝန်ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ပေမဲ့လည်း အခမ်းအနားစီစဥ်သူများ ဖိအားပေးမှုအချို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီအစီအစဥ်ဖျက်သိမ်းခံခဲ့ရသလို NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

ဒီလို ဖယ်ချခံရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်ဇင်မာအောင်ကတော့ “Sustaining Peace and Development in a Divided World” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည့် Global Townhall 2022 အခမ်းအနားတွင် အမှာစကားပြောကြားရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အား ဖိတ်ကြားခြင်းပြုခဲ့ပါသည်။ သို့သော်လည်း အခမ်းအနားစီစဥ်သူများ အနေနှင့် ဖိအားပေးမှုအချို့နှင့်ရင်ဆိုင်ခဲ့ရသောကြောင့် အဆိုပါ အစီအစဥ်အား ဖျက်သိမ်းခဲ့ရပါတယ်။ အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးသည်လည်း တက်ရောက်ဆွေးနွေးပေးရန်ဖိတ်ကြားခံခဲ့ရသော်လည်း စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ” လို့ အသိပေးခဲ့ပါတယ်။ ဒီနေရာမှာ ဖိအားက ဘာဆိုတာကိုတော့ ဒေါ်ဇင်မာအောင်က ပြောခဲ့တာမရှိပေမဲ့ ကုလသမဂ္ဂဘက်က မြန်မာ့ပဋိပက္ခတွေမှာ ဘက်လိုက်တယ်လို့ထင်ခံရမှာစိုးရိမ်တယ်ဆိုတဲ့အချက်ကြောင့် Global Townhall 2022 မှာ အမှာစကားပြောခွင့်ပယ်ချခံရတာဖြစ်တယ်လို့ သိရပါတယ်။ SAC က အာဏာရယူတာကို မကြိုက်လို့ တော်လှန်ရေးလုပ်ပါတယ်ဆိုတဲ့ NUG ကမ္ဘာရော မြန်မာရောက လက်ခံပါတယ်ဆိုတဲ့ NUG ဘာအမှားတွေ လုပ်ခဲ့ပါသလဲ။

သာမန်ပြည်သူတွေကိုဒလန်ဆိုပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာ များသွားခဲ့လို့လား။ ဒါမှမဟုတ် နယူးဇီလန်လိုနိုင်ငံမျိုးကတောင် အသိအမှတ်ပြုဖို့ ပယ်ချခံရသလိုမျိုးပဲ NUG ရဲ့ မူမမှန်မှုတွေကို ကမ္ဘာက၊ ကုလသမဂ္ဂက နားလည်သွားလို့ SAC နဲ့ တန်းတူဆက်ဆံခံရတာလားဆိုတာကိုတော့ Global Townhall 2022 စီစဉ်တဲ့သူတွေနဲ့ ကုလသမဂ္ဂပဲ နားလည်နိုင်မှာဖြစ်ပါတယ်။

အကျဉ်းစံဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့တောင်းဆိုတဲ့ NLD

အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်အားလုံးဟာ NLD ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မယ်လို့ ယုံကြည်တဲ့အပြင် စစ်မှန်တဲ့ ကိုယ်စားပြုမှုရှိတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ဦးစားပေးဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖေါ်သင့်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်ဆိုင်နေရတဲ့အမှုတွေတောင် ပြီးပြတ်မှုမရှိသေးသလို စွဲဆိုထားတဲ့ပုဒ်မတွေအကုန်လုံးကိုလည်း အမိန့်မချရသေးပါဘူး။ SAC ရဲ့နှစ်နှစ်တာဝန်ယူမှုကာလအတွင်းမှာပဲ စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို အမိန့်ချနိုင်ခဲ့ရင်တော့ ၂၀၂၃ PR ရွေးကောက်ပွဲဦးဆောင်ကျင်းပပေးဖို့ ပြင်ဆင်လာမဲ့ ယာယီသမ္မတဦးမြင့်ဆွေကာလမှာတော့ ရွေးကောက်ပွဲအတွက် စိုင်းပြင်းဖို့ ဖိအားတွေလျော့ကျဖို့ နိုင်ငံရေးသီးသန့်လုပ်ရင်း အကျဉ်းကျခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာနိုင်ခြေရှိတယ်လို့ ယူဆရပါတယ်။

သေချာတာကတော့ လက်နက်စွဲကိုင်တော်လှန်ရေးဟာ မအောင်မြင်ဘူးဆိုတာကတော့ လွတ်လပ်ရေးရပြီးစကတည်းက လက်နက်စွဲကိုင်တော်လှန်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက သက်သေပြပါတယ်။ လက်နက်စွဲကိုင်တော်လှန်မှုဟာ ဦးဆောင်တဲ့အဖွဲ့အစည်းက ပြည်သူအပေါ် သေနတ်ပြအနိုင်ကျင့်တာကလွဲရင် ကျန်တာကတော့ ထူးခြားတဲ့တိုးတက်မှုရှိမှာမဟုတ်လို့ စားပွဲဝိုင်းယဉ်ကျေးမှုကိုပဲ ပြန်သွားနိုင်ရေးကြိုးပမ်းရပါလိမ့်မယ်။ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး အပြန်အလှန်လေးစားမှုတွေကပဲ အင်ဒိုနီးရှားနိုင်ငံက သူတို့စစ်တပ်ကို ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းပေါ်က ဖယ်ထုတ်နိုင်တာဖြစ်ပြီး အပြန်အလှန်ပုပ်ခတ်စော်ကား ထိကပါးရိကပါးတွေဟာ နိုင်ငံကိုပိုဆိုးစေတာ သတိပြုဆင်ခြင်နိုင်တဲ့နေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဟာလည်း ရင့်ကျက်တည်ငြိမ်စွာ တိုးတက်လာပါလိမ့်မယ်။

ပျက်စေချင်ကြတဲ့ ရွေးကောက်ပွဲ

SAC က ကျင်းပဖို့ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှုရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေတာကို တွေ့ရှိရတာကြောင့် NLD အနေနဲ့ လုံး၀လက်ခံအသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့သလို NUG က အာဆီယံထိပ်သီးအစည်းအဝေးကို သဝဏ်လွှာပို့ရာမှာလည်း ရွေးကောက်ပွဲကို အာဆီယံက လက်မခံဖို့၊ NUG ကလည်း လက်မခံဘူးဆိုတာကို ပြောထားတာတွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန်အပါအဝင်တခြားနိုင်ငံတွေကလည်း ရွေးကောက်ပွဲကို လက်မခံဖို့ တိုက်တွန်းတောင်းဆိုမှုကို ဒီတစ်ပတ်မှာ မြင်ခဲ့ရပါတယ်။

SAC ရဲ့ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ NUG ဟာ သူ့မူအတိုင်းဆက်သွားနေတာကို တွေ့ရပါတယ်။ SAC ရဲ့ ရွေးကောက်ပွဲသာအောင်မြင်သွားလို့ PR အစိုးရတစ်ရပ်ပေါ်ထွန်းလာပြီး နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီပြန်လည်ထွန်းကားလာမှုကို လက်ခံသွားရင် NUG ဟာ NCGUB လိုမျိုး လူတိုင်းက မေ့သွားပြီး ဘယ်သူမှ အသိအမှတ်မပြုတာမျိုးကနေ ကာကွယ်ဖို့ကလည်း ရွေးကောက်ပွဲမဖြစ်မှရမဲ့အခြေအနေဆိုတော့ NUG က ရွေးကောက်ပွဲမဖြစ်စေချင်တာတော့ မဆန်းပါဘူး။

တစ်ဖက်မှာကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ယူမှုကုန်ဆုံးဖို့ သုံးလကျော်အလိုမှာ ကျင်းပဖို့စိုင်းပြင်းလာနေတဲ့ ရွေးကောက်ပွဲကို လက်မခံဖို့အတွက် NUG အပါအဝင် အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ လှုပ်ရှားမှုအရှိန်မြင့်တက်လာတာကို တုံ့ပြန်ဖို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုဝင်ဘာ ၁၁ ရက်က ကျင်းပခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၉/၂၀၂၂) မှာ သတ်မှတ်ထားတဲ့အချိန်အတွင်း ရွေးကောက်ပွဲလုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထပ်ပြောသွားခဲ့ပါတယ်။

NLD၊ NUG နဲ့ အမေရိကန်အပါအဝင်တခြားနိုင်ငံတွေ တောင်းဆိုနေကြသလို ၂၀၂၃ PR ရွေးကောက်ပွဲပျက်ရင် ဘာဖြစ်မလဲ။

သေချာတာကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လကုန်လို့မှ ရွေးကောက်ပွဲမကျင်းပနိုင်ရင် လက်ရှိ အာဏာထိန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်ပြယ်သွားပြီး တိုင်းပြည်မှာ အုပ်ချုပ်သူမဲ့အခြေအနေဖြစ်သွားနိုင်သလို အဲဒီအချိန်ကျမှ တကယ့်တကယ် အာဏာသိမ်းတာမျိုးပြန်မြင်ရပြီး ပျက်ပြယ်သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေထက် ပိုပြီးပြင်ရခက်တဲ့ ခြေဥကို တပ်မတော်က ဦးဆောင်ဆွဲတာမျိုး ကျွန်တော်တို့ ထပ်မြင်ရနိုင်ပါတယ်။ အဲဒီကာလဟာ ၅ နှစ်လား၊ ၁၀ နှစ်လား၊ ၁၅ နှစ်လား၊ အနှစ် ၂၀ လား။ ဘယ်လောက်ကြာမှာလဲဆိုတာတော့ ကျွန်တော်တို့သိနိုင်တော့မှာမဟုတ်သလို ဘယ်သူမှလည်း ခန့်မှန်းနိုင်တော့မှာမဟုတ်ဘူးလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *