October 19, 2024

၂၅.၁၀.၂၀၂၃
Translated by Htwe Ko Tun

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက နှလုံးရောဂါဒဏ်ကို ရုတ်တရက် ခံစားခဲ့ရသည်ဟူသော ကောလာဟလ သတင်းများက မဟုတ်မမှန်ရယ်ဖွယ်ရာသာဖြစ်ကြောင်း ရုရှားအစိုးရက အောက်တိုဘာ ၂၄ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

သမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီး ပက်စ်ကော့ဗ် က “သမ္မတက ကျန်းမာရေးအပြည့်အဝ ကောင်းမွန်နေပါတယ်။ သူ့မှာအောက်တိုဘာ ၂၂ ရက် ညနေပိုင်းကနှလုံးရောဂါဒဏ်ပြင်းထန်စွာခံခဲ့ရတယ် ဆိုတာက လုံးဝမမှန်သတင်းပါ” ဟု ပြောခဲ့သည်။

ပက်စ်ကော့ဗ်က ပူတင်မှာ ကျန်းမာရေးမကောင်းသဖြင့် တစ်စုံတစ်ဦးက အစားထိုး အလုပ်လုပ် ပေးနေရခြင်းမျိုးရှိပါသလောဟု မေးမြန်းချက်ကိုလည်း ထိုသို့သမ္မတအတွက် ကိုယ်ခွဲအစားထိုးလုပ်ကိုင် ပေးရခြင်းမျိုး လုံးဝမရှိကြောင်း၊ ၎င်းကိုယ်တိုင်ပင် ပုံမှန်အတိုင်း အလုပ်ဆင်းနေကြောင်းလည်းပြောခဲ့သည်။

ပက်စ်ကော့ဗ်အဖို့ ၂၀၂၃ ခုနှစ်အတွင်း သမ္မတပူတင်နှင့်ပတ်သက်၍ ဤကဲ့သို့ ကောလာဟလများကို မဟုတ်မှန်ကြောင်းငြင်းဆိုရမှုမှာ ဒုတိယအကြိမ်လည်းဖြစ်သည်။ ကောလာဟလ သတင်းများက သမ္မတပူတင်အနေဖြင့် ၎င်းနှင့် ရုပ်အသွင်သဏ္ဍာန်ဆင်တူသူတစ်ဦးကို ကိုယ်ခွဲ အစားထိုးအသုံးပြုလျက် ရှိသည်ဟု ဆိုခဲ့ကြသည်။

ထို့ပြင် ပက်စ်ကော့ဗ်က သမ္မတပူတင်အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲကာလတွင်လည်း ကောင်းစွာပင် ကျန်းမာသန်စွမ်းနေကြောင်း၊ ထိုသို့သော ကောလာဟလများက အခြေအမြစ်မရှိဘဲ ရယ်ဖွယ်ရာ လိမ်လုံးများသက်သက်သာဖြစ်ကြောင်းလည်း ပြောခဲ့သည်။

ဂျူဒိုကစားသန်သူ ပူတင်၏ ခန္ဓာကိုယ်က တောင့်တင်းမှုရှိကာ အောက်တိုဘာ ၇ ရက်တွင် ၎င်းကအသက် ၇၁ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

Ref—-Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *