October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Nay Aung

ထိုင်းရဲတပ်ဖွဲ့သည် စကားများရန်ဖြစ်ခဲ့ပြီးနောက် လူသတ်မှုကျူးလွန်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ Prachinburi ပြည်နယ် Nong Phrong အရပ်ဒေသရှိ မြန်မာနိုင်ငံသားများနေထိုင်သည့် နှစ်ထပ်တိုက်အဆောက်အဦတွင် လူသတ်မှုဖြစ်ပွားသည်ဆိုသောသတင်းကို အောက်တိုဘာ ၂၄ ရက် ညပိုင်းက လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦးကို သွေးအိုင်ထဲတွင် လဲကျ သေဆုံးနေသည်ကိုတွေ့မြင်ခဲ့ရသလို အခြားဒဏ်ရာရသော မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း တွေ့မြင်ခဲ့ကြောင်း Raphao Phai ရဲစခန်းမှ ရဲမှူးကြီး Ponganan Raksachart က ထုတ်ဖော်ပြောဆိုထားသည်။

သေဆုံးခဲ့သော မြန်မာနိုင်ငံသားများသည် အသက် ၂၄ နှစ်အရွယ်ရှိ ရဲလှိုင်ဝင်းဆိုသူနှင့် အသက် ၂၂ နှစ်အရွယ်ရှိ သန်းနိုင်စိုးဆိုသူ ဖြစ်ကြောင်း၊ အခြား မြန်မာနိုင်ငံသားနှစ်ဦးသည် ဒဏ်ရာပြင်းထန်သည့် အတွက် ဆေးရုံကို တင်ပို့ခဲ့ရကြောင်း ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-25_15-31-00-1024x576.jpg

အဆိုပါလူသတ်မှုကို ကျူးလွန်ခဲ့ပြီးနောက် ဟွန်ဒါအမျိုးအစားဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သူသည် အသက် ၂၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကျော်ဇင်ဦးဆိုသူဖြစ်ပြီး ၎င်းကို လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး အတူနေမိတ်ဆွေသူငယ်ချင်းတစ်ဦးက လူသတ်မှုကျူးလွန်သူကျော်ဇင်ဦး နှင့် အသတ်ခံရသူ နှစ်ဦးတို့သည် ရန်ဖြစ်စကားများခဲ့ကြောင်း၊ ရန်ဖြစ်စကားများခြင်းကြောင့် ထပ်မံတိုက်ခိုက်ခြင်းများမလုပ်ဆောင်ရန် လူခွဲပေးခဲ့ပြီး အခန်းကိုပြန်လာခဲ့ကြောင်း၊ အခန်းသို့ပြန်လာပြီးနောက် မကြာမီကျယ်လောင်သောအော်ဟစ်သံများကို ကြားရကြောင်းပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူကျော်ဇင်ဦးနှင့် အသတ်ခံရသော ရဲလှိုင်ဝင်းနှင့် သန်းနိုင်စိုးတို့သည် ယခင်က စကားများရန်ဖြစ်ခြင်းမျိုးမရှိဘဲ အရက်အတူသောက်သုံးခဲ့သူများဖြစ်ကာ ညအချိန် ၈ နာရီဆိုလျှင် ပုံမှန်အရက်သောက်သုံးလေ့ရှိသူများဖြစ်ကြောင်း ၎င်းတို့နှင့်အဆောင်အတူနေသူများက ပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သော ကျော်ဇင်ဦးက ၎င်းနှင့်အသတ်ခံရသောသူများသည် စကားများရန်ဖြစ်ခဲ့ကြောင်း၊ အသတ်ခံရသောအုပ်စုထဲတွင် ပါဝင်သူများသည် ၎င်း၏အခန်းအတွင်း အရက်လာသောက်ခဲ့ကြောင်း၊ စားသောက်ဆိုင်မှ ၎င်းပြန်လာချိန်တွင် အခန်းအတွင်းအရက်သောက်နေသူ ၅ ဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ထိုးကြိတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန်ထိုးကြိတ်မှုများဖြစ်ပွားခဲ့ပြီးနောက် စိတ်ဆိုးဒေါသဖြစ်လွန်းသည့်အတွက် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လူသတ်တရားခံ ကျော်ဇင်ဦး အသုံး ပြုခဲ့သော ဓားကိုရှာဖွေသိမ်းဆည်းကာ အသေးစိတ်စုံစမ်းစစ်ဆေးရန် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ရဲမှူးကြီး Ponganan Raksachart က ပြောသည်။

Ref;nationtv.tv

Leave a Reply

Your email address will not be published. Required fields are marked *