October 19, 2024

Photo- UMFCCI

၂၅. ၁၀. ၂၀၂၃
Written by Ye Kyaw

ပို့ကုန်လုပ်ငန်းရှင်များအတွက် အထူးအခွင့်ရေးများ ခွင့်ပြုပေးရန် စီစဉ်နေသော်လည်း လက်ရှိအချိန် ထူးခြားမှုမရှိသေးဘဲ တင်ပြထားသည့်အဆင့်မှာပင် ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်အစိုးရဘက်မှ စီစဉ်နေမှုများကို လုပ်ငန်းရှင်များ ကြိုတင်သိရှိစေရန်အတွက် UMFCCI မှ အောက်တိုဘာ ၈ ရက်တွင် အသိ ပေးကြေညာခဲ့ခြင်းဖြစ်သည်။

“အခုထိတော့ သီးခြားတော့မရှိသေးပါဘူး။ ကျွန်တော်တို့က တင်ပြချင်တာကတော့ ပို့ကုန်လုပ်ငန်းရှင်တွေက အခုက လိုင်စင်တွေကို လုပ်တဲ့နေရာမှာကြာတယ်” ဟု UMFCCI ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပို့ကုန်ရငွေများ၏ ရာခိုင်နှုန်း ၅၀ ကို ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရောင်းချရပြီး ကျန်ရှိသည့်ပို့ကုန်ရငွေ ရာခိုင်နှုန်း ၅၀ ကို ပြင်ပဈေးကွက်တွင်လည်း တစ်ဒေါ်လာ ၂၉၂၀ ဝန်းကျင်နှင့်သာ ပြန်လည်ရောင်းချနေရခြင်းဖြစ်သည်။ ထို့ကြောင့် ပို့ကုန်ရငွေ ရာနှုန်းပြည့်ကို ထိန်းချုပ်ထားသကဲ့သို့ဖြစ်နေသောကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကျန်ပို့ကုန်ရငွေ ရာခိုင်နှုန်း ၅၀ အား ပြင်ပဈေးကွက်တွင် လွတ်လပ်စွာရောင်းချလိုခြင်းဖြစ်သည်။

အထက်ပါ ပို့ကုန်ရငွေအပေါ် ဖြေလျှော့ပေးရန် နိုင်ငံတော်အနေဖြင့် အခက်အခဲရှိနေသေးပါက လက်ရှိတွင် ပို့ကုန်လိုင်စင်လျှောက်ရာ၌ လနှင့်ချီကြာမြင့်နေမှုများကို တစ်ပတ်အတွင်း ရရှိနိုင်အောင် ဖြေလျှော့ပေးစေလိုကြသည်။ ထို့သို့ ဖြေလျှော့ပေးရာတွင်လည်း လိုင်စင်အားလုံးကို ဖြေလျှော့ပေးမှုထက် ပို့ကုန်ရငွေကို ပြန်လည်အသုံးပြုသည့် ပို့ကုန်/သွင်းကုန် လိုင်စင်များကို ဦးစားပေးအစီအစဉ်ဖြင့် ဖြေလျှော့ပေးစေလိုကြောင်း သိရသည်။

“မိမိတို့ပို့လို့ရတဲ့ငွေနဲ့ ကိုယ့်ဟာကိုယ် ပြန်သုံးတဲ့ပစ္စည်းပေါ့နော်။ Own Use ပြန်သုံးတဲ့နေရာမှာ လိုင်စင်ကို ဦးစားပေးချထားပေးဖို့တော့ အဲဒါလေးကို တင်ပြဖို့တော့ရှိတယ်။ အဲဒီလိုတင်ပြရင် ကိုယ်ပိုက်ဆံကုန်သုံးရင် ပုံမှန်စောင့်ရရင် သုံး၊ လေးလ စောင့်ရမယ်။ တကယ်လို့ Export လုပ်လို့ရတဲ့ဟာကို သုံးပြီးတော့မှ ကိုယ်ငွေနဲ့ကိုယ် ဆိုရင်တော့ ဦးစားပေးလိုင်စင်ချပေးမယ်ပေါ့နော်။ တစ်ပတ်အတွင်း ချပေးမယ် စသဖြင်ပေါ့နော်။ အဲဒီလိုမျိုးလုပ်ပေးရင် ကျွန်တော်တို့ဘက်က ပိုအဆင်ပြေတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ရငွေ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ‌‌ဒေါ်လာတစ်ဘီလျံ ပိုမိုခန့်ထားသော်လည်း ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း ပို့ကုန်တင်ပို့မှု တိုးတက်မှုမရှိသည့်အပြင် ယခင်နှစ်ကာတူထက် ပို့ကုန်တင်ပို့မှုဒေါ်လာ တစ်ဘီလျံကျော် လျော့ကျနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *