October 19, 2024

အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ၂၄ နာရီအတွင်းသေဆုံးသူဦးရေ စံချိန်တင်

၂၅. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးတို့၏လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် အောက်တိုဘာ ၂၃ ရက်တစ်ညလုံး သေဆုံးရသူဦးရေမှာ ၇၀၀ ဦးကျော်ထိရှိခဲ့ရာ လေကြောင်းတိုက်ခိုက်မှုစသည်မှစ၍ ၂၄ နာရီအတွင်း ဂါဇာတွင် သေဆုံးရသူ အများ ဆုံးလည်းဖြစ်ခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးခဲ့သူစုစုပေါင်း အနည်းဆုံး ၇၀၄ ဦးရှိပြီး ကလေး ၃၀၅ ဦးနှင့်အမျိုးသမီး ၁၇၃ ဦးတို့ပါဝင်ကြောင်းလည်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။ စစ်ပွဲတစ်ခုလုံးအတွင်း ဂါဇာတွင် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၅,၇၉၁ ဦးသေဆုံးခဲ့ရပြီးဖြစ်ကာ ၎င်းတို့တွင် ကလေးငယ် ၂,၃၆၀ ဦး ပါဝင်ကြောင်းလည်းသိရသည်။

This image has an empty alt attribute; its file name is photo_2023-10-25_14-08-18.jpg

အစ္စရေးတို့ကလည်း ထိုညတွင် ဟားမားစ်ပစ်မှတ် ၄၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုပြုခဲ့ကြောင်းနှင့် ဟားမားစ် စစ်သွေးကြွများစွာကို တိုက်ခိုက်မှုများအတွင်း သုတ်သင်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်က ပြောခဲ့သည်။ အစ္စရေးတို့က ဟားမားစ်လက်ထောက်တပ်မှူးသုံးဦး သေဆုံးခဲ့ကြောင်းနှင့်ဟားမားစ်တို့ကို လုံးဝချေမှုန်းရန်မှာ အချိန်ယူရလိမ့်မည်ဟု သတိပေးမှုလည်းပြုခဲ့သည်။

ဂါဇာဒေသ၏ကောင်းကင်ယံတွင်လည်း အစ္စရေးစစ်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များပျံသန်းနေသည့်အသံများကြားနေရပြီး နေရာတိုင်းတွင် အဆောက်အအုံအပျက်အစီးများ စုပုံနေသည်ကိုတွေ့ ကြရရာ ဒေသအတွင်းအသက်ဘေးမှ လုံခြုံစိတ်ချရသည့်နေရာ မရှိနိုင်တော့ကြောင်းနှင့် ပြည်သူထောင်ပေါင်းများစွာမှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စစ်ပွဲစတင်သည့် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးနိုင်ငံတောင်ပိုင်းတွင်လည်း ဟားမားစ်တို့တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၁,၄၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံခြားသားများအပါအဝင် ၂၂၂ ဦးကို ဟားမားစ်တို့က ဓားစာခံများအဖြစ် ဖမ်းဆီးထားခဲ့သည်။ ၎င်းတို့အနက်လေးဦးကိုမူ ဟားမားစ်တို့က ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ref—— Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *